
AB News – ဇွန် ၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ယမန်နေ့ ဇွန်လ ၂ ရက်နေ့ တစ်ရက်အတွင်း ယာဥ်တိုက်မှု ၃ ကြိမ် အထိဖြစ်ပွားခဲ့ပြီး ယာဥ်တိုက်မှုဖြစ်စဥ်များအတွင်း ဒေသခံ ၄ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဥ်တိုက်မှုဖြစ်စဥ်အတွင်း ဒဏ်ရာရရှိသူများမှာ မင်းပြားမြို့နယ်၊ နော်နာ(ရက္ခိုင်) ရွာမှ ဦးမောင်သာနိုး (၃၈)နှစ်၊ စမ္ဘလေ(မူဆလင်) ရွာမှ ဦးနော်ရာလောင် (၅၀) နှစ်၊ အောင်တိုင်(မူဆလင်) ရွာမှ ဦးကခါကြီး(၅၇) နှစ်နှင့် စစ်တွေမြို့၊ ကသဲရပ်ကွက်မှ အသက် (၄၂) နှစ်အရွယ် ဦးသိန်းဝင်းထွန်း တို့ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ နံနက် ၁၀ နာရီ ကျော်အချိန်ခန့်တွင် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်မှ ဦးစိုးလင်းသန်းနှင့် စစ်တွေမြို့၊ ကသဲရပ်ကွက်မှ ဦးသိန်းဝင်းထွန်းတို့ နှစ်ဦးသည် ဆိုင်ကယ်ဖြင့် မင်းပြားမြို့မှ သဲတန်းရွာဖက်သို့ သွားစဥ် Top Group ဓာတ်ဆီဆိုင်အနီးတွင် တဖက်မှ မောင်းနှင်လာသော ကခါကြီး၏ သုံးဘီးဆိုင်ကယ်ဖြင့် တိုက်မိရာ ဦးသိန်းဝင်းထွန်းမှာ ဦးခေါင်းကွဲ ဒဏ်ရာရှိခဲ့ပြီး ကခါကြီးမှာလည်း ကိုယ်တွင်းအင်္ဂါများ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့၍ လက်ရှိတွင် အရေးပေါ်ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ထို့ပြင် အဆိုပါနေ့ ညနေ ၄ နာရီခန့်အချိန်တွင်လည်း ဦးနော်ရာလောင်သည် စမ္ဘလေရွာမှ ခေါင်းလောင်းရွာဟောင်းသို့ သွားစဥ် စမ္ဘလေရွာ ထွက်ဝ “KYAW” ဆီဆိုင်နားအရောက်တွင် ဆိုင်ကယ်အား ဆီဖြည့်ရန် လမ်းဖြတ်ကူးစဥ် တဖက်မှ မောင်းနှင်လာသော ဆိုင်ကယ်မှ ဝင်တိုက်၍ ဦးနော်ရာလောင်၏ ဘယ်ဘက်ခြေထောက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၈ နာရီ၊ ၅၀ မိနစ် အချိန်ခန့်တွင်လည်း ဦးမောင်သာနိုးသည် ခေါင်းလောင်းရွာသစ်မှ နော်နာ (ရက္ခိုင်) ရွာသို့ ဆိုင်ကယ်ဖြင့် အပြန်တွင် ခေါင်းလောင်းရွာဟောင်း လမ်းကွေ့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်တိမ်းမှောက်ရာ ညာဖက်လက်၌ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ဇွန်လ ၁ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်တွင် ဆေးဝါးနှင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ပေးနေသည့် ပရဟိတစေတနာ့ဝန်ထမ်းတစ်ဦး ယာဥ်တိုက်မှုဖြစ်ပွားရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်တွင် အရက်မူးပြီးမောင်းနှင်လာသော ဘေးတွဲမှ ဆိုင်ကယ်အား ဝင်တိုက်မိရာ ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ မေလ ၁၆ ရက်နေ့ကလည်း မင်းပြားမြို့၊ သံထောင်ရပ်ကွက်မှ စာသင်ကျောင်းရှေ့၌ ဆိုင်ကယ် ၂ စီး တိုက်မိ၍ အမျိုးသားတစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – APM