AB News – ဇွန် ၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့တွင် ယနေ့ မွန်းလွှဲ ၁၂ နာရီခန့်အချိန်က လူမနေသည့် နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့ကြောင်း မြို့ခံများက ဆိုကြသည်။
မောင်တောမြို့၊ မောင်နီ ရပ်ကွက် (၈) ရှိ ဦးအီစီမစ် (၃၀)နှစ် ပိုင်ဆိုင်သော နေအိမ် မီးလောင်ပြာကျခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မီးလောင်မှုဖြစ်ပွားရာ မောင်နီ ရပ်ကွက် (၈) သည် လက်ရှိတွင် လူသူအရောက်အပေါက်နည်းပါးပြီး လူမနေသည့် ရပ်ကွက်တစ်ခုဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
“မီးလောင်မှုဖြစ်ပွားခဲ့တဲ့ မောင်နီ ရပ်ကွက် (၈) မှာ နေထိုင်သူ မရှိသလောက်ပါပဲ။ လမ်းသွားလမ်းလာတွေရဲ့ ဆေးလိပ်မီးကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တာလို့ သိရတယ်” ဟု မြို့ခံတစ်ဦးက ဆိုကြသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးအသေးစိတ်အား သက်ဆိုင်ရာမှ ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင်လည်း မောင်တောမြို့၊ မောင်နီ ရပ်ကွက် (၈)အတွင်း မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၆ လုံး မီးလောင်ပျက်စီးခဲ့ရသည်။




