
AB News – မေ ၂၉၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မင်းပြားခရိုင်အတွင်းရှိ ကမ်းစပ်ဒေသများတွင် ဒီရေတောပြုန်းတီးမှုကို ထိန်းသိမ်းရန်နှင့် သဘာဝဘေးအန္တရာယ်များအား ကာကွယ်နိုင်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ သစ်တောဌာနနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနမှ ဦးဆောင်၍ ဗျူးခြေထောက်အပင် ၇၂၆၀ အား စိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
၎င်း ဗျူးခြေပင်များကို ပြီးခဲ့သည့် ရက်ပိုင်းက မင်းပြားခရိုင်အတွင်းရှိ ပြုန်းတီးလုနီးဖြစ်နေသည့် ဒီရေတောနေရာများနှင့် သဘာဝဘေးအန္တရာယ်များကျရောက်နိုင်သည့် ကမ်းစပ်ဒေသများတွင် ဦးစားပေးစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဗျူးခြေထောက်ပင်စိုက်ပျိုးရာတွင် သစ်တောနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနအပါအဝင် မြို့နယ်ပါတီရုံး၊ ဒီလပ်ဌာန၊ အုပ်ချုပ်ရေးဌာန၊ အမျိုးသမီးအင်အားစု၊ လူငယ်အင်အားစုများနှင့် ဒေသခံပြည်သူများ စုပေါင်း စိုက်ပျိုးခဲ့ကြပြီး ဒီရေတောပြုန်းတီးမှုကို ထိန်းသိမ်းနိုင်ရန်၊ ကမ်းစပ်ဂေဟစနစ်များ ကောင်းမွန်စေရန်နှင့် သဘာဝအန္တရာယ်များ လျော့ချနိုင်ရန် ရည်ရွယ်ကြောင်း သိရှိရသည်။
ယင်းနောက် ရက္ခိုင်ပြည်အတွင်းက ဒီရေတောများရေရှည်တည်တံ့နိုင်ရန်နှင့် ကမ်းစပ်ဒေသစိမ်းလန်စိုပြေလှပစေရန် မြို့နယ်အသီးသီးတို့တွင်လည်း ဤကဲ့သို့ သစ်ပင်များစိုက်ပျိုးမှုများ ဆက်လက်လုပ်မည်သွားဖြစ်ကြောင်း သိရှိရသည်။
ဒီရေတောများနှင့် သစ်တောများပြန်လည်ဖြစ်ထွန်းကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် အများအကျိုးဆောင်ကာ သစ်ပင်များစိုက်ပျိုးလိုသည့် ပြည်သူများအတွက် ပျိုးပင်များကို သက်ဆိုင်ရာမြို့နယ်ရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ သစ်တောဌာနနှင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနက ဇွန်လမှ ဇူလိုင်လအတွင်း အခမဲ့ရယူနိုင်ကြောင်း နှိုးဆော်ထားသည်ကို တွေ့ရှိရသည်။
ဓာတ်ပုံ – GEM