သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရမ်းဗြဲနှင့် ကျောက်ဖြူအစပ်ရှိ လမ်းပြုပြင်နေသည့်နေရာ ဗုံးကြဲတိုက်ခိုက်ခံရ၍ အရပ်သား ၃ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ

AB News – မေ ၂၉၊ ၂၀၂၆

ရက္ခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အစပ်ရှိ လမ်းပိုင်းပြင်ဆင်ရေး လုပ်ငန်းခွင်တစ်ခုကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဘတ်ဟိုးမောင်းသူ အပါအဝင် အရပ်သား ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေလ ၂၈ ရက်၊ နံနက် ၆ နာရီ၊ ၄၅ မိနစ်အချိန်ခန့်တွင် တစ်ကြိမ်၊ နံနက် ၇ နာရီကျော်တွင် တစ်ကြိမ် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ ၂ စီးနှင့် Y-12 လေယာဉ် ၂ စီးတို့ဖြင့် ပိန္နဲတောင်နှင့် မော်ဦးအနီးရှိ လမ်းပြုပြင်ရေးနေရာကို တစ်နာရီကျော်အချိန်ကြာ ဗုံးအလုံးရေ ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လမ်းပြင်ဆင်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသည့် မအီမြို့၊ ဂျီဖြူတောင်ကျေးရွာသား ဘတ်ဟိုးမောင်းသူတစ်ဦးအပါအဝင် စုစုပေါင်း ၃ ဦး ယင်းနေရာ၌ပင် သေဆုံးခဲ့သည်။

ထို့အပြင် အခြားအရပ်သား ၇ ဦးလည်း ဗုံးစထိမှန်ဒဏ်ရာရရှိသွားခဲ့ပြီး ယင်းအထဲမှ လေးယောက်မှာ စိုးရိမ်ရသည့် အခြေအနေရှိပြီး ကျန် ၃ ယောက်မှာလည်း ခြေထောက်နှင့် လက်တွင် ဗုံးစများ ထိမှန်ခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် အဆိုပါလမ်းပိုင်းဝန်းကျင်ကို Y-12 လေယာဉ်ဖြင့် နှစ်ရက်ခန့် ကြိုတင်ကင်းထောက်မှုများ ပြုလုပ်ခဲ့သော်လည်း လုပ်ငန်းခွင်အတွင်းရှိ အရပ်သားများအနေဖြင့် လေကြောင်းရန်အန္တရာယ် ကြုံတွေ့ရမည်ဟု မျှော်လင့်မထားခြင်းကြောင့် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေစဉ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင်လည်း ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ အရပ်ဖက်နေရာများကို စစ်ကော်မရှင်တပ်က အသေခံဒရုန်းများနှင့် လက်နက်ကြီးများ အသုံးပြု၍ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၂၆ ရက်နေ့ တိုက်ခိုက်မှုအတွင်း စနဲမြို့၊ ကံပြင်စုရပ်ကွက်မှ အသက် ၇၈ နှစ်အရွယ်ရှိ ဦးမောင်ရွှေစိန် သေဆုံးခဲ့ရပြီး တောင်ငူစုရပ်ကွက်ရှိ ဈေးဆိုင်ခန်း ၇၀ နှင့် လူနေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့ရသည်။

ထို့အပြင် ပြီးခဲ့သည့် မေလ ၁၉ ရက်ကလည်း စနဲမြို့၊ ရွှေဟင်္သာရပ်ကွက်ကို တောင်ဦးမော်ရေတပ်စခန်းက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့၍ လူနေအိမ် ၆၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ