AB News – မေ ၁၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ မြို့မစေတီတောင်ကျေးရွာတွင် ပြီးခဲ့သည့် မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် အသက် (၁၃) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ မေလ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။
ဖမ်းဆီးရမိသူမှာ အသက် (၅၆) နှစ်အရွယ် ဦးရွှေသန်းမောင် ဖြစ်ပြီး ၎င်းကို DLEPS တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ၎င်းအား ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၇၆ (မုဒိမ်းမှု)၊ အမှုအမှတ် (ပ) ၂၃/၂၀၂၆ ဖြင့် ထိန်းသိမ်းအမှုဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လအတွင်းက နေ့ခင်း ၁၂ နာရီအချိန်ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ မြို့မစေတီတောင်ရွာ၌ အသက် (၁၃) နှစ်အရွယ် မိန်းကလေးငယ်သည် သူငယ်ချင်းများနှင့်အတူ ပုန်းတမ်းဝှက်တမ်း ကစားနေစဉ် ဦးရွှေသန်းမောင်၏ နေအိမ်အတွင်း ဝင်ရောက်ပုန်းမိရာမှ အဓမ္မပြုကျင့်ခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်ကို ကာယကံရှင် မိန်းကလေးငယ်က မိခင်ဖြစ်သူအား ပြန်လည်ပြောပြခဲ့သဖြင့် မိခင်ဖြစ်သူက မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ DLEPS စခန်းသို့ လာရောက်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
တိုင်ချက်ဖွင့်လှစ်ပြီးနောက် DLEPS တပ်ဖွဲ့က စွပ်စွဲခံရသူ ဦးရွှေသန်းမောင်ကို မေလ ၉ ရက် နံနက် ၁၀ နာရီတွင် ဖမ်းဆီးခဲ့ပြီး ချုပ်ရက်ရမန်ယူ စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးစဉ်အတွင်း ၎င်းသည် မိမိသဘောဆန္ဒအလျောက် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့သဖြင့် မောင်တောမြို့နယ်တရားရုံး၌ ဖြောင့်ချက်ရယူခြင်းနှင့် မျက်မြင်သက်သေများကို ကြိုတင်ထွက်ဆိုချက် ရယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် လုပ်ငန်းစဉ်များနှင့် စုံစမ်းစစ်ဆေးမှုများကို အပြီးသတ် ဆောင်ရွက်နေပြီး ဥပဒေအကြံပြုချက်ရယူကာ တရားရုံးသို့ အမြန်ဆုံး တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူများ ဥပဒေအသိရှိစေရန် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၅ (မုဒိမ်းမှုမြောက်သည့် အချက်များ) ကို ပူးတွဲဖော်ပြထားပြီး၊ အသက် ၁၆ နှစ်အောက် ကလေးငယ်များနှင့် ကာမစပ်ယှက်ပါက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ သက်ငယ်မုဒိမ်းမှုမြောက်ကြောင်း အသိပေးနှိုးဆော်ထားသည်။
ထို့ပြင် မိဘပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများကို သက်ငယ်မုဒိမ်းမှု ဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်၊ ကလေးငယ်များအား ပွင့်လင်းစွာ ထုတ်ဖော်ပြောဆိုနိုင်သည့် ဝန်းကျင်ကောင်း ဖန်တီးပေးရန်နှင့် ပြစ်မှုကျူးလွန်သူများကို ကာကွယ်ပေးခြင်းမပြုဘဲ ဝိုင်းဝန်းဆန့်ကျင်ကြရန် တိုက်တွန်းထားသည်။
ဓာတ်ပုံ – အာရက္ခမှုခင်းနှင့်ဆက်စပ် သတင်းများထုတ်ပြန်ရေးအဖွဲ့




