AB News – မေ ၁၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာ (၄) ရွာမှ ဆင်းရဲနွမ်းပါးသော ဒေသခံကလေးငယ်များနှင့် စစ်ဘေးရှောင် ပြည်သူများအတွက် စောမဲကျီဖောင်ဒေးရှင်းမှ အာဟာရမှုန့်နှင့် ဆန်အိတ်များကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ (၂) ရက်တာကာလအတွင်း မြေပုံမြို့နယ်ရှိ ကျေးရွာ (၄) ရွာမှ မွေးကင်းစမှ အသက် (၆) လအောက် ကလေးငယ်များအပါအဝင် ဆင်းရဲနွမ်းပါးသော ကလေးငယ် စုစုပေါင်း (၂၅) ဦးအတွက် တစ်ဦးလျှင် ကလေးအာဟာရဖြစ် နို့မှုန့် (၂) ထုပ်နှုန်းဖြင့် စုစုပေါင်း နို့မှုန့် (၅၀) ထုပ်ကို ပိုးဝါမင်းသမီးပရောဂျက် (စောမဲကျီဖောင်ဒေးရှင်း) ၏ ထောက်ပံ့မှုဖြင့် ပေးအပ်ခဲ့သည်။
အဆိုပါ လှူဒါန်းမှုကို ကျန်းမာရေးဌာနနှင့် HDCO (Humanitarian Development Cooperation Organization) တို့ ပူးပေါင်းဆောင်ရွက်ကာ ကလေးငယ်များလက်ဝယ်သို့ အရောက် ကူညီပံ့ပိုးပေးခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် စောမဲကျီဖောင်ဒေးရှင်းအနေဖြင့် ပြည်တွင်း၊ ပြည်ပရှိ အလှူရှင်များ၏ လှူဒါန်းမှုဖြင့် စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်လိုအပ်နေသော ရိက္ခာဆန်အိတ်များကိုလည်း ထောက်ပံ့ကူညီပေးခဲ့ရာ အဆိုပါလှူဒါန်းမှုတွင် HDCO နှင့် Metta Clinic မှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
မြေပုံမြို့နယ်အတွင်းရှိ ကလေးငယ်များနှင့် စစ်ဘေးရှောင်များအတွက် အလှူရှင်များကိုယ်စား မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျ ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေးဌာန၊ HDCO နှင့် Metta Clinic မှ ဝန်ထမ်းများအားလုံးကို စောမဲကျီဖောင်ဒေးရှင်းက အထူးပင် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ထားသည်။



