
AB News – မေ ၁၇၊၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် ပြီးခဲ့သည့် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် အပြစ်မဲ့ကလေးငယ်တစ်ဦးအား သက်ငယ်မုဒိန်းမှုကျူးလွန်ခဲ့သည့်ဖြစ်ရပ်နှင့် ပတ်သက်၍ ကျောက်တော်လူငယ်များအစည်းအရုံး(KTYA) က မေလ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
KTYA ၏ ထုတ်ပြန်ချက်တွင် ကလေးသူငယ်များအပေါ် ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများသည် လူ့အခွင့်အရေးနှင့် ကလေးသူငယ်အခွင့်အရေးများကို ပြင်းထန်စွာချိုးဖောက်သည့် ရာဇဝတ်မှုဖြစ်ကြောင်း ဖော်ပြထားပြီး ဖြစ်စဉ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ထွက်ပြေးလွတ်မြောက်နေသည့် ကျူးလွန်သူအား သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးဖမ်းဆီး၍ ထိရောက်ပြင်းထန်သည့် အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ပေးရန်နှင့် နစ်နာသူကလေးငယ်မိသားစုအတွက် တရားမျှတမှုအပြည့်အဝ ဖော်ဆောင်ပေးရန် တောင်းဆိုထားသည်။
KTYA အနေဖြင့် နစ်နာသူကလေးငယ်နှင့် မိသားစု၏ စိတ်ပိုင်းဆိုင်ရာ ကုစားရေးနှင့် လိုအပ်သောကာကွယ်စောင့်ရှောက်မှုများ ရရှိစေရန် စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများနှင့်အညီ ဝိုင်းဝန်းရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။
ထုတ်ပြန်ချက်တွင် မိဘပြည်သူများအနေဖြင့် နစ်နာသူကလေးငယ်၏ ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် လုံခြုံရေးကို လေးစားသည့်အနေဖြင့် ဖြစ်စဉ်အသေးစိတ်အချက်အလက်များ၊ ဓာတ်ပုံများနှင့် ကိုယ်ရေးအချက်အလက်များကို မျှဝေခြင်းမှ ရှောင်ကြဉ်ကြရန် တိုက်တွန်းထားသည်။
ယခုကဲ့သို့ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းသည် လူ့အဖွဲ့အစည်းအတွင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစနစ်နှင့် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတိုက်ဖျက်ရေး ယန္တရားများကို ပိုမိုအားကောင်းလာစေရန် လိုအပ်နေကြောင်း KTYA က ဆိုသည်။
ထို့ကြောင့် ကလေးငယ်များအား အကာအကွယ်ပေးနိုင်ရေး၊ အကြမ်းဖက်မှုများကို လက်မခံသည့် Zero Tolerance ယဉ်ကျေးမှုတစ်ရပ် တည်ဆောက်နိုင်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် လူမှုအသိုင်းအဝိုင်းတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။
ပြီးခဲသည့် ဧပြီလဒုတိယအပတ်က ကျောက်တော်မြို့နယ်၊ သရက်တပင်အုပ်စုတွင် အသက်မပြည့်သေးသည့် ညီအစ်မ ၂ ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။