AB News – စက်တင်ဘာ ၃၊ ၂၀၂၆
အာရက္ခပြည်၊ ဘူးသီးတောင်မြို့နယ်တွင် ဩဂုတ် ၃၀ ရက် ညပိုင်းက ခရီးသည်များ တင်ဆောင်လာသည့် စက်လှေတစ်စီး ရေလှိုင်းထန်မှုကြောင့် နစ်မြုပ်ခဲ့ပြီး လိုက်ပါလာသူများအနက် ကျောင်းဆရာတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
ရသေ့တောင်မြို့နယ် အိုးဖောက်ကျေးရွာမှ ဘူးသီးတောင်မြို့နယ် ညောင်ချောင်း (ရက္ခိုင် ) ကျေးရွာသို့ ထွက်ခွာလာသည့် အဆိုပါစက်လှေသည် ည ၉ နာရီ ၂၀ မိနစ်ခန့်တွင် ကာဒီ (မူဆလင်) ကျေးရွာအနီးသို့ ရောက်ရှိစဉ် ရေလှိုင်းများ ထန်လာသဖြင့် လှေအတွင်း ရေဝင်ကာ နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စက်လှေနစ်မြုပ်ပြီးနောက် လိုက်ပါလာသူများက ကာဒီကျေးရွာမှ ဒေသခံများထံ အကူအညီတောင်းခံခဲ့ကြပြီး ဒေသခံများက စက်လှေများဖြင့် အခင်းဖြစ်ရာနေရာသို့ သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကယ်ဆယ်ရေးကြောင့် စက်လှေပိုင်ရှင်အပါအဝင် ခရီးသည် ၉ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
သို့သော် ဘူးသီးတောင်မြို့နယ် ညောင်ချောင်း (ရက္ခိုင် ) ကျေးရွာစာသင်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာ စိုးမိုးကျော်မှာ ရေထဲသို့ နစ်မြုပ်ပျောက်ဆုံးခဲ့ပြီး စက်တင်ဘာ ၂ ရက်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
ယင်းဖြစ်စဉ်တွင် အန္တရာယ်ရှိသည့်အခြေအနေကြားမှ ရေနစ်မြုပ်သူများကို သွားရောက်ကယ်ဆယ်ခဲ့သည့် ဘူးသီးတောင်မြို့နယ် ဘုရားပြင်နှင့် အောင်ပ (မူဆလင်) ကျေးရွာများမှ ဒေသခံ ၆ ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တစ်ဦးလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ် ၁၂ သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အလားတူ အရက်သေစာသောက်စားပြီး စက်လှေမောင်းနှင်ခဲသည့် စက်လှေပိုင်ရှင်ကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။
