
AB News – စက်တင်ဘာ ၃၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်းရှိ ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင် မြို့နယ် ၃ ခုကို စစ်ကော်မရှင်တပ်က ယနေ့ စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းတွင် တစ်ချိန်တည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ မွန်းလွဲ ၁ နာရီ ၄၃ မိနစ်ခန့်မှစတင်ကာ စစ်ကော်မရှင်တပ်က လေကြောင်းမှတစ်ဆင့် ဗုံး ၁၀ ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြင်းထန်သည့် ပေါက်ကွဲသံများကို ဆက်တိုက် ကြားခဲ့ရကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။
ယခု လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည့် ဒေသများမှာ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာ၊ စစ်တွေမြို့နယ် ဝါဘိုကျေးရွာနှင့် ရသေ့တောင်မြို့နယ် မစဲကမ်းဒေသတို့ ဖြစ်ကြသည်။
ယခု လေကြောင်းတိုက်ခိုက်မှုကြောင့် အပျက်အစီးနှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်များကို AB News က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
Photo – AB News