သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်၊ အဘောင်တော်ကျေးရွာတွင် ရေရှားပါးမှုကြောင့် မသန့်ရှင်းသော ရေကို ခပ်ယူသုံးစွဲနေရ



AB News – မေ ၂၆၊ ၂၀၂၆

ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသရှိ အဘောင်တော်ကျေးရွာတွင် ရေရှားပါးမှုကြောင့် မသန့်ရှင်းသော ရေကို ခပ်ယူသုံးစွဲနေကြရကြောင်း သိရသည်။

အဘောင်တော်ကျေးရွာတွင် သောက်သုံးရေအဖြစ် တောင်ကျရေ (ဒေသအခေါ် မြောင်ရေ) ကို တဖက်ပိတ်ကာ ဆည်ဖို့ထားသည့် ရေလှောင်ကန်မှ သုံးစွဲရခြင်းဖြစ်သည်။

အဆိုပါ တောင်ကျရေမှာ နွေရာသီရောက်လာသည်နှင့်အမျှ ခမ်းခြောက်လာပြီး နှစ်စဥ် ဧပြီလ လဆန်းပိုင်းခန့်တွင် တောင်ကျရေ မှာ လုံးဝခမ်းခြောက်သွားကြောင်း သိရသည်။

ထို့ပြင် အဆိုပါဒေသသည် ရေကန်တူးဖော်ရန် ခက်ခဲပြီး ယခင်က တူးဖော်ထားသည့် ရေကန်မှာလည်း နွေရာသီရောက်လာသောအခါ ရေခမ်းခြောက်သွားသောကြောင့် ရွာသားများမှာ နှစ်စဥ် ရေရရှိမှု အခက်အခဲများနှင့် ရင်ဆိုင်ရကြောင်း ဒေသခံများက ဆိုသည်။

“လက်ရှိမှာတော့ တောင်ကျရေတွေကို နည်းနည်းချင်းစီ ခပ်ယူသုံးစွဲနေကြရပါတယ်။ ရေတစ်လုံးရဖို့ကို အချိန်အတော် စောင့်ပြီး ခပ်ယူနေရပါတယ်။ ရွာနဲ့ အတော်အလှမ်းဝေးတဲ့ နေရာက သွားခပ်မယ်ဆိုရင် လူတစ်ယောက်ဟာ တစ်နေ့ ၂ ကြိမ်လောက်ပဲ သွားခပ်နိုင်ပါတယ်” ဟု ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

အလားတူ ဤကဲ့သို့ ရေရှားပါးမှုကြောင့် တောင်ခြေအောက်ရှိ ချိုင့်ဝှမ်းငယ်များတွင် တင်ကျန်နေသည့် မသန့်ရှင်းသော ရေကို ခပ်ယူအသုံးပြုနေကြသည့်အတွက် ကျန်းမာရေးပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြောင်း ကျေးရွာတာဝန်ရှိသူက AB News သို့ ပြောသည်။

“အခုက ရေရှားတော့ အရင်က မသုံးတဲ့ တောင်ခြေတွေက ချိုင့်ဝှမ်းငယ်တွေမှာ ကျန်ရှိနေတဲ့ ရေတွေကို ခပ်ယူသုံးဆွဲနေကြတာတွေ ရှိပါတယ်။ အဲဒီရေထဲမှာ သစ်ရွက်တွေ၊ အမှိုက်တွေ ကျနေလို့ သုံးစွဲဖို့ မသင့်တော်ဘူးလေ။ ဒါ့ကြောင့် ကျနော့်အနေနဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်ပါတယ်။ နောက်နှစ်တွေမှာ ရေရှားပါးမှုကို လျော့ချနိုင်ဖို့ ကျနော်တို့ဘက်က သက်ဆိုင်ရာတွေကို အကူညီ တောင်းခံချင်ပါတယ်” ဟု ဆိုသည်။

အဘောင်တော်ကျေးရွာတွင် စစ်ရှောင်ပြည်သူများ လာ‌ရောက်ခိုလှုံမှုရှိနေ၍ လူဦးရေ များပြားလာသောကြောင့် ရေအရင်းအမြစ်မလုံလောက်မှု ပြဿနာကို ဖြေရှင်းရန် အရေးတကြီးလိုအပ်နေကြောင်း ရပ်ရွာတာဝန်ရှိသူ က ဆိုသည်။

“ကျနော်တိုရွာမှာက ဘိုးစဥ်ဘောင်ဆက် ဒီတောင်ကျရေကိုပဲ သုံးစွဲလာတာပါ။ အခုက ကျေးရွာမှာ လူဦးရေလည်း တိုးလာတယ်။ နောက်ပြီး စစ်ဘေးရှောင်တွေလည်းရှိတော့ လူဦးရေက အရင်ထက် များသွားတာပေါ့။ ကျနော်အနေနဲ့ ရေအရင်းအမြစ်ရရှိဖို့ သက်ဆိုင်ရာကို အကူအညီတောင်းဆိုချင်ပါတယ်” ဟု ၎င်းမှ ဆိုသည်။

လက်ရှိတွင် အဆိုပါကျေးရွာ၌ ရွာခံအိမ်ထောင်စု ၇၈ စုနှင့် စစ်တွေမြို့နယ်မှ ရွာဘို၊ မြစ်နား၊ ကင်းမော် စသည့် ကျေးရွာများမှ စစ်ဘေးရှောင် အိမ်ထောင်စု ၃၈ စု အထိ နေထိုင်ကြောင်း သိရသည်။


ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ