
AB News – ဇူလိုင် ၂၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို ယနေ့ နံနက်ပိုင်းအချိန်တွင် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူကျေးရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းမှ ၂ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
” မနက်စောစော ၆ နာရီဝန်းကျင်လောက်မှ ဗုံးကြဲသွားတာပါ။ ယိုးငူရွာမှာကျတယ်လို့ကြားတယ်။ ဒါပေမယ့် ရွာအပြင်ဘက်လောက်မှာ ကျတာထင်တယ်။ စကြားတုန်းက ဗုံးကြဲတာမထင်ဘူး။ မိုးကြိုးသံထင်တာ” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတစ်ဦးက AB News သို့ပြောသည်။
ယိုးငူကျေးရွာကို နံနက် ၅နာရီ ၅၈ အချိန်ခန့်တွင်တစ်ကြိမ် ၆ နာရီ ၅ မိနစ်အချိန်တွင် တစ်ကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့နယ်ဘက်မှလည်း နေအိမ်များတုန်ခါသွားခြင်းကို ခံစားခဲ့ရကြောင်း မြောက်ဦး ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါလေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကို AB News မှ ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။
ယိုးငူကျေးရွာသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၂ နာရီ ၁၅ မိနစ်အချိန်ကလည်း စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် အပြစ်မဲ့ကလေးငယ်များအပါအဝင် ပြည်သူ ၁၇ ဦးသေဆုံးခဲ့ရပြီး ၂၀ ဦး ဒဏ်ရာရရှိသွားခဲ့ရသည်။