သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပလက်ဝနှင့် ပုဏ္ဏားကျွန်းရှိ အလှကုန်ဆိုင်များကို FDA ကွင်းဆင်းစစ်ဆေး

AB News – သြဂုတ် ၂၈၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်း ပြည်သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများပါဝင်သော အလှကုန်ပစ္စည်းများ မသုံးစွဲမိစေရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) က မြို့နယ်အသီးသီးတွင် ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ယခုရက်ပိုင်းအတွင်း ပလက်ဝနှင့် ပုဏ္ဏားကျွန်းမြို့တို့တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

သြဂုတ်လ ၁၄ ရက်နေ့က ပလက်ဝမြို့နယ်ရှိ အလှကုန်ဆိုင် ၁၂ ဆိုင်ကို စစ်ဆေးခဲ့ရာ ဆိုင် ၈ ဆိုင်တွင် မသုံးစွဲသင့်သည့် အလှကုန်များနှင့် ဆိုင် ၉ ဆိုင်တွင် သက်တမ်းကုန် အလှကုန်များ တွေ့ရှိခဲ့သည်။

သြဂုတ်လ ၁၁ ရက်​နေ့က ပုဏ္ဏားကျွန်းမြို့နယ်ရှိ အလှကုန်ဆိုင်များအား စစ်ဆေးရာ ဆိုင် ၉ ဆိုင်တွင် မသုံးစွဲသင့်သည့် အလှကုန်များနှင့် ဆိုင် ၈ ဆိုင်တွင် သက်တမ်းကုန် အလှကုန်များ တွေ့ရှိခဲ့သည်။

FDA အနေဖြင့် အဆိုပါ တားမြစ်ပစ္စည်းများနှင့် သက်တမ်းကုန်ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး ဆိုင်ပိုင်ရှင်များကို ခံဝန်လက်မှတ်ရေးထိုးစေကာ နောက်နောင် တားမြစ်ကုန်ပစ္စည်းများ ထပ်မံမရောင်းချရန် အသိပေးတားမြစ်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အာဆီယံဒေသတွင်း Post-Marketing Alert System (PMAS) Report အစီအစဉ်အရ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ရှိသည့် တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသော မသုံးစွဲသင့်သည့် အလှကုန် ၂၉ မျိုးကို ထုတ်ပြန်တားမြစ်ခဲ့သည်။

ယင်းအလှကုန်များသည် နည်းမျိုးစုံဖြင့် အာရက္ခပြည်အတွင်းသို့ ဝင်ရောက်လာနိုင်သဖြင့် မိဘပြည်သူများ အထူးသတိပြုရန် လိုအပ်သည်။

တားမြစ်ထားသည့် အလှကုန် ၂၉ မျိုးတွင် ထိုင်းနိုင်ငံထုတ် (၁၂) မျိုး၊ ဖိလစ်ပိုင်နိုင်ငံထုတ် (၈) မျိုး၊ အင်ဒိုနီးရှားနိုင်ငံထုတ် (၅) မျိုး၊ မလေးရှားနိုင်ငံထုတ် (၃) မျိုး (JC BEAUTY CULTURE RADIANCE RENEWAL SERUM ပါဝင်)၊ ဘရူနိုင်းနိုင်ငံထုတ် (၁) မျိုး တို့ ပါဝင်သည်။

အဆိုပါ တားမြစ်ဓာတုပစ္စည်းများသည် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်းတို့အပြင် အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူမိပါက ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများ ဖြစ်ပွားစေနိုင်သည်။ ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်း အပါအဝင် အခြားပြင်းထန်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း FDA က သတိပေးထားသည်။

Photo – APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ