သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တစ်ရက်အတွင်း ရက္ခိုင်ရှိ မြို့ ၃ မြို့ ဗုံးကြဲခံရ၊ ၅ ဦးသေဆုံး၂၆ ဦး ဒဏ်ရာရ

AB News – ဇူလိုင် ၂၀၊ ၂၀၂၆

ရက္ခိုင်ဒေသရှိ မအီ၊ သံတွဲနှင့် ပုဏ္ဏားကျွန်း မြို့များကို စစ်ကော်မရှင်တပ်က တစ်ရက်တည်းအတွင်း ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ရဟန်းသံဃာတော် ၃ ပါးအပါအဝင် စုစုပေါင်း ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA က ဇူလိုင်လ ၁၉ ရက်တွင် ထုတ်ပြန်လိုက်သည်။

AA ၏ ထုတ်ပြန်ချက်အရ ယမန်နေ့ ဇူလိုင်လ ၁၉ ရက် တစ်ရက်တည်းအတွင်း အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို ပစ်မှတ်ထား၍ စစ်ကော်မရှင်က ရှေ့ဆင့်နောက်ဆင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တောင်ကုတ်မြို့နယ် မအီမြို့ အမှတ် ၂ နှင့် အမှတ် ၃ ရပ်ကွက်များကို နံနက် ၁၁ နာရီခွဲခန့် တွင် စကမ၏ ဂျက်တိုက်လေယာဉ်တစ်စီးက ပေါင် ၃၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း AA ကဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ရဟန်းသံဃာတော် (၁) ပါး၊ ကလေးငယ်များအပါအဝင် အရပ်သား ၂၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ခရစ်ယာန်ဘုရားကျောင်း ၁ ဆောင် နှင့် လူနေအိမ် ၂၀ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

အလားတူ ယင်းနေ့ ညနေ ၄ နာရီ ၆ မိနစ်မှ ၄ နာရီ ၂၄ မိနစ်အတွင်း သံတွဲမြို့ကို စစ်ကော်မရှင်က ဂျက်တိုက်လေယာဉ်များဖြင့် ၅ ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ရာ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်အချို့လည်း ပျက်စီးခဲ့သည်။

ထို့ပြင် ညနေ ၆ နာရီခွဲခန့် တွင် ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်ကျေးရွာ၊ ရေပေါက်ချောင်းခွဆုံရှိ တောင်ပေါက်ဘုန်းတော်ကြီးကျောင်းအနီး ကို စစ်ကော်မရှင်၏ ဂျက်တိုက်လေယာဉ်တစ်စီးက ပေါင် ၃၀၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရဟန်းသံဃာတော် ၂ ပါးနှင့် အရပ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

AA က စစ်ကော်မရှင်၏ ယခုလုပ်ရပ်များသည် ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ ပြောဆိုမှုများနှင့် လက်တွေ့လုပ်ဆောင်မှုများ မကိုက်ညီကြောင်း ထင်ရှားစေသည့် လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် စကမ၏ လေကြောင်းတိုက်ခိုက်မှုများအပေါ် အာရက္ခပြည်သူတစ်ရပ်လုံးနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းကာ ပြန်လည်တုံ့ပြန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း AA က ထုတ်ပြန်ထားသည်။

Photo – AA Info Desk

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ