သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ဘေးဒဏ်သင့် ပြည်သူများအတွက် တဲအိမ်အလုံးတစ်ရာ ကမ်ပိန်းဖြင့် “အိမ်ကြီးရက္ခိုင် မျိုးဆက်သစ်လူငယ် ပရဟိတအသင်း” ကူညီဆောင်ရွက်ပေးနေ

​AB News – ဇူလိုင် ၈၊ ၂၀၂၆

​ရက္ခိုင်ပြည်အတွင်း စစ်ဘေးဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်ရေး အခက်အခဲဖြစ်ပေါ်နေသည့် စစ်ဘေးရှောင် ပြည်သူများအတွက် “အမိုးမရှိရေ ပြည်သူ ဝိုင်းရံကူ တဲအိမ် အလုံး တစ်ရာကမ်ပိန်း” ကို အိမ်ကြီးရက္ခိုင် မျိုးဆက်သစ်လူငယ် ပရဟိတအသင်းမှ ဦးဆောင်၍ ဆောင်ရွက်ပေးလျက် ရှိ​နေကြောင်း သိရသည်။

​အဆိုပါ တဲအိမ်အလုံးတစ်ရာ ကမ်ပိန်းအား ပြီးခဲ့သည့် ဧပြီလ (၅) ရက်နေ့မှ စတင်ကာ ဇူလိုင်လ (၅) ရက်နေ့အထိ (၃) လတာ ကျပ်သိန်း ၄၀၀ စီမံကိန်းအဖြစ် သတ်မှတ်ပြီး ပြည်တွင်း၊ ပြည်ပရှိ စေတနာရှင် အလှူရှင်များ၏ ပံ့ပိုးကူညီမှု၊ အလှူငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

​လက်ရှိတွင် ပထမအကြိမ်မြောက်အဖြစ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများအတွက် တဲအိမ် (၁၄) လုံးကို ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ကာ မြောက်ဦးမြို့နယ်တွင်လည်း ဒုတိယအဆင့်အနေဖြင့် တဲအိမ် (၁၁) လုံးကို ဆက်လက်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ တဲအိမ်တစ်လုံးလျှင် ကာလပေါက်ဈေးအရ ငွေကျပ် ၇ သိန်းကျော်မှ ၈ သိန်းခန့်အထိ ကုန်ကျမှုရှိနေကြောင်း အသင်းထံမှ သိရသည်။

မြေပြင်တွင် စစ်ဘေးရှောင် ပြည်သူများ ကြုံတွေ့နေရသည့် နေထိုင်ရေး အကျပ်အတည်းနှင့် ပတ်သက်၍ အိမ်ကြီးရက္ခိုင် မျိုးဆက်သစ်လူငယ် ပရဟိတအသင်း၏ ဥက္ကဌ ကိုရဲရဲ က ဤကဲ့သို့ ပြောကြားခဲ့သည်။

​”စစ်ဘေးရှောင်ရတဲ့ မိဘပြည်သူတွေဟာ နေရပ်စွန့်ခွာလာရရုံတင်မကဘဲ အခုလို မိုးရာသီကာလမှာ လုံခြုံတဲ့ အမိုးအကာမရှိဘဲ နေထိုင်ရေးအတွက် အတော်လေးကို ဒုက္ခရောက်နေကြရတာပါ။ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ သူတို့ရဲ့ ဘဝတွေကို တစ်ထောင့်တစ်နေရာကနေ အမိုးအကာအောက် ရောက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီကမ်ပိန်းကို အစွမ်းကုန် ကြိုးစားနေကြတာဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း စစ်ဘေးဒဏ်သင့် ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို လူငယ်တွေရဲ့ အင်အားနဲ့ ဆက်လက် ဝိုင်းရံ ဖြည့်ဆည်းပေးသွားမှာပါ” ဟု ဆိုသည်။

​လက်ရှိအချိန်တွင် မိုးရာသီသို့ ရောက်ရှိနေပြီဖြစ်၍ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများမှာ အမိုးအကာနှင့် နေထိုင်ရေး အခက်အခဲကို အဆိုးရွားဆုံး ရင်ဆိုင်နေရသဖြင့် အိမ်ကြီးရက္ခိုင် မျိုးဆက်သစ် လူငယ်ပရဟိတအသင်းအနေဖြင့် သတ်မှတ်ထားသည့် တဲအိမ်အလုံးတစ်ရာ ကမ်ပိန်း ရည်မှန်းချက် ပြည့်မီသည်အထိ စစ်ဘေးရှောင်ပြည်သူများဘက်မှ ရပ်တည်ကာ ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အိမ်ကြီးရက္ခိုင် မျိုးဆက်သစ်လူငယ် ပရဟိတအသင်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ