AB News – ဩဂုတ် ၂၊ ၂၀၂၆
ရက္ခိုင်ပြည်တွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ အာရက္ခလောင်ပေါ်ဌာနခွဲက ဒုတိယအကြိမ်မြောက် ဖွင့်လှစ်ခဲ့သည့် အာရက္ခလောင်ပေါ်(ထီ) ၏ ပထမဆု ကျပ်သိန်း ၇၅၀ ကို စစ်တွေမြို့နယ်မှ မြောက်ဦးမြို့သို့ စစ်ဘေးရှောင်လာသည့် ကိုဇော်မြင့်ထွန်းက ကံထူးဆွတ်ခူးခဲ့ကြောင်း သိရသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ အာရက္ခလောင်ပေါ်ဌာနခွဲက ဩဂုတ်လ ၁ ရက်တွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အာရက္ခလောင်ပေါ်ဖွင့်ပွဲ၌ ဆုမဲနံပါတ် 303243 ဖြင့် ကိုဇော်မြင့်ထွန်းက ပထမဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
“အာရက္ခလောင်ပေါ်ကို ပထမဆုံးအကြိမ် ထိုးတာမှာပဲ ပေါက်သွားတာပါ။ အတိုင်းမသိ ဝမ်းသာပါတယ်။ ရရှိတဲ့ဆုငွေထဲက အလှူအတန်းတွေလည်း လုပ်သွားဖို့ စိတ်ကူးထားပါတယ်” ဟု ကိုဇော်မြင့်ထွန်းက AB News သို့ ပြောသည်။
ကိုဇော်မြင့်ထွန်းသည် စစ်တွေမြို့မှ မြောက်ဦးမြို့သို့ စစ်ဘေးရှောင်ရောက်ရှိနေသူဖြစ်ပြီး မိဘနှစ်ပါးနှင့်အတူ နေထိုင်လျက်ရှိသည့် လူလွတ်တစ်ဦးဖြစ်ကြောင်း သိရသည်။
ထို့ပြင် “အာရက္ခလောင်ပေါ်ကို လူတိုင်းပါဝင်ထိုးကြဖို့ တိုက်တွန်းချင်ပါတယ်။ အခက်အခဲကြုံနေရတဲ့ စစ်ဘေးရှောင်တွေလည်း များများကံထူးကြပါစေလို့ ဆုတောင်းပါတယ်။ တစ်လမပေါက်ရင် နောက်တစ်လ ပေါက်နိုင်တာမို့ ကျွန်တော်လည်း ဆက်ပြီး ထိုးသွားဦးမှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အာရက္ခလောင်ပေါ်(ထီ)၏ ဆုငွေများကို ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ အာရက္ခလောင်ပေါ်ဌာနခွဲများနှင့် သက်ဆိုင်ရာမြို့နယ်ရှိ အာရက္ခလောင်ပေါ် အရောင်းဌာနများတွင် ထုတ်ယူနိုင်ကြောင်း သိရသည်။
အာရက္ခလောင်ပေါ်မှ ရရှိသည့် ဝင်ငွေများကို ရက္ခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းနှင့် တံတားတည်ဆောက်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ကဏ္ဍများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး၊ ရက္ခိုင်ပြည်သူများအနေဖြင့်လည်း အာရက္ခလောင်ပေါ်ထီလက်မှတ်များကို ပါဝင်ကံစမ်းကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းထားသည်။
Photo – AB News


