သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွကို ဂျက်ဖိုက်တာ ၂ စီးဖြင့် စကမ ဗုံးကြဲတိုက်ခိုက်

AB News – ဇူလိုင် ၁၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ​ရွှေရချိုင်ကျေးရွာ ကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် လေကြောင်းမှ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်​နေ့၊ ဇူလိုင်လ (၁၇) ရက်နေ့ ညနေပိုင်းအချိန်တွင် စစ်ကော်မရှင်တပ်၏ ဂျက်ဖိုက်တာ နှစ်စီးသည် ဂွမြို့နယ်၊ ရွှေရချိုင်ကျေးရွာသို့ စုစုပေါင်း ဗုံး (၃) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကော်မရှင်တပ်က ယမန်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်တွင် ဂွမြို့နယ်၊ ရွှေရချိုင်ကျေးရွာရှိ စာသင်ကျောင်းနောက်ဘက် ကမ်းခြေအုန်းခြံအတွင်းသို့ ဗုံးတစ်လုံး ကြဲချခဲ့သည်။

ထို့နောက် ညနေ ၄ နာရီ ၅၅ မိနစ်မှ ၅ နာရီ ၃ မိနစ်အတွင်း အဆိုပါရွှေရချိုင်ကျေးရွာမှ ဒေသခံ ကိုမြတ်သူ ပိုင်ဆိုင်သည့် အုန်းခြံအတွင်းသို့ ဗုံးနှစ်လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ စစ်ကော်မရှင်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွှေရချိုင်ကျေးရွာ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ရပြီး ရွာခံ ကိုစိုးကျော်သူ ပိုင်ဆိုင်သည့် နွားမတစ်ကောင်လည်း ဗုံးစထိမှန်ကာ ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရှိရသည်။

ရက္ခိုင်တောင်ပိုင်းဒေသများသို့ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာပြီးနောက်ပိုင်း စစ်ကော်မရှင်တပ်သည် ရှေ့တန်းစစ်မျက်နှာပြင်များတွင်သာမက စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် ကျေးရွာများကိုပါ ဂျက်ဖိုက်တာများနှင့် Y-12 ထောက်ပို့လေယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိနေသည်။

Photo -GEM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ