သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းအောင်လှိုင်နှင့် ဆက်နွှယ်သည့် ရွှေခဝါချမှုကို JFM ဖော်ထုတ်

AB News – ဇူလိုင် ၁၈၊ ၂၀၂၆

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲထားသည့် ကွန်ရက်တစ်ခုသည် အမေရိကန်ဒေါ်လာ ၄၈ သန်းခန့် တန်ဖိုးရှိ ရွှေ ၈၀၀ ကီလိုဂရမ်ကို နိုင်ငံဖြတ်ကျော် ရောင်းချကာ ငွေကြေးခဝါချရန် ကြိုးပမ်းခဲ့ကြောင်း Justice For Myanmar (JFM) က ဇူလိုင် ၁၈ ရက်တွင် ထုတ်ပြန်သည့် စုံစမ်းဖော်ထုတ်မှုတစ်ရပ်၌ ဖော်ပြထားသည်။

JFM ၏ ထုတ်ပြန်ချက်အရ အဆိုပါအစီအစဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ထိုင်း၊ လာအိုနှင့် ဟောင်ကောင်တို့မှတစ်ဆင့် ရွှေများကို ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

JFM က စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန် သည် ယင်းအစီအစဉ်၏ ညှိနှိုင်းဆောင်ရွက်မှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲထားပြီး၊ ယင်းစွပ်စွဲချက်များသည် စာချုပ်မူကြမ်းများ၊ ရည်ရွယ်ချက်ပါ သဘောတူညီမှုစာလွှာများနှင့် ပုဂ္ဂိုလ်ရေးဆက်သွယ်မှုမှတ်တမ်းများကို အခြေခံထားကြောင်း ဖော်ပြထားသည်။

ထုတ်ပြန်ချက်အရ စစ်အုပ်စုနှင့် ဆက်နွှယ်သည့် ကွန်ရက်သည် လာအိုနိုင်ငံရှိ AIF Group ၏ လက်အောက်ခံကုမ္ပဏီတစ်ခုထံ ရွှေများ ရောင်းချရန် စီစဉ်ခဲ့ပြီး ငွေပေးချေမှုများကို BIC Bank Lao မှတစ်ဆင့် ပြုလုပ်ရန် ကြိုးပမ်းခဲ့ကြောင်း ဆိုသည်။

ထို့ပြင် စစ်လက်နက်ပွဲစားအဖြစ် လူသိများသည့် ထွန်းမင်းလတ် နှင့် ထိုင်းနိုင်ငံရေးသမား ဥပကစ် ပါချာရီယန်ကွန်းတို့သည် ကြားခံပွဲစားများအဖြစ် ပါဝင်ခဲ့ကြောင်း JFM က ထုတ်ပြန်ထားသည်။

JFM ရရှိထားသည့် ဆက်သွယ်ပြောဆိုမှုမှတ်တမ်းများတွင် ရွှေ ၂၀၀ ကီလိုဂရမ် ရောင်းချပြီးဖြစ်ကြောင်း ရည်ညွှန်းချက်များ ပါဝင်သော်လည်း၊ ယင်းရွှေများ အမှန်တကယ် လွှဲပြောင်းရောင်းချခဲ့ခြင်း ရှိ၊ မရှိကို JFM အနေဖြင့် သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်းလည်း ဖော်ပြထားသည်။

AIF Group နှင့် ဆောင်ရွက်ရန် စီစဉ်ထားသည့် အရောင်းအဝယ်မှာ ငွေပေးချေမှုအာမခံချက်နှင့် စီးပွားရေးဆိုင်ရာ သဘောထားကွဲလွဲမှုများကြောင့် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ပျက်ပြယ်သွားခဲ့ကြောင်း JFM က ဆိုသည်။

JFM က ယင်းအစီအစဉ် မအောင်မြင်ခဲ့သော်လည်း စစ်အုပ်စု၊ ၎င်း၏ မိသားစုဝင်များနှင့် စီးပွားရေးမိတ်ဖက်များ၏ နိုင်ငံဖြတ်ကျော် ငွေကြေးခဝါချမှုနှင့် အခြားရာဇဝတ်မှုဆိုင်ရာ အန္တရာယ်များ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း သတိပေးထားသည်။

ထို့အပြင် စစ်အုပ်စုသည် ငွေကြေးခဝါချမှု၊ ပြည်သူပိုင်ပစ္စည်းများ အလွဲသုံးစားပြုမှု၊ မြန်မာနိုင်ငံ၏ သယံဇာတများကို အမြတ်ထုတ်မှု၊ ဆိုက်ဘာလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် တရားမဝင်လောင်းကစားလုပ်ငန်းများ ပါဝင်သည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ကွန်ရက်များနှင့် ဆက်နွှယ်နေကြောင်း JFM က စွပ်စွဲထားသည်။

ယင်းကြောင့် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် သြစတြေးလျတို့အနေဖြင့် စစ်အုပ်စုနှင့် ဆက်နွှယ်သူများအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများကို တိုးမြှင့်ချမှတ်ရန်နှင့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ဆောင်ရွက်သင့်ကြောင်း JFM က တောင်းဆိုထားသည်။

JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် က “စစ်အုပ်စုသည် အစိုးရတစ်ရပ်မဟုတ်ပဲ ရာဇဝတ် စီးပွားရေးကွန်ရက် တစ်ခုဖြစ်ကြောင်း ၎င်းတို့၏ လုပ်ရပ်များက ပြသနေသည်” ဟု ပြောကြားထားပြီး ဒေသတွင်းအစိုးရများအနေဖြင့်လည်း စစ်အုပ်စု၏ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် အရေးယူဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ