သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
AA သည် မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး တော်လှန်ရေးတပ်ဟု အမေရိကန် သုတေသနအဖွဲ့ပြော

AB News – ဇူလိုင် ၁၇၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်း မြို့နယ်အများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (Arakan Army ) သည် မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ တစ်ခုအဖြစ် ပေါ်ထွက်လာကြောင်း အမေရိကန်အခြေစိုက် ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ သုတေသနအဖွဲ့ Jamestown Foundation က ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သော သုတေသနအစီရင်ခံစာ၌ ဖော်ပြထားသည်။

အစီရင်ခံစာအရ AA သည် ခန့်မှန်းခြေအားဖြင့် တပ်ဖွဲ့ဝင် ၄၀,၀၀၀ ခန့် ရှိသည့် ပုံမှန်စစ်အင်အား ဖြင့် ဖွဲ့စည်းထားပြီး တောင်အာရှနှင့် အရှေ့တောင်အာရှဒေသအတွင်း အင်အားအကြီးဆုံး အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များ အနက် တစ်ခုအဖြစ် သတ်မှတ်ထားသည်။

Jamestown Foundation က AA သည် ရက္ခိတလမ်းစဉ် (Way of Rakhita) ကို အခြေခံကာ ရက္ခိုင်အိပ်မက် (Arakan Dream) ကို အကောင်အထည်ဖော်ရန် ရည်မှန်းထားပြီး၊ မြန်မာနိုင်ငံ၏ လက်ရှိအာဏာပိုင် စစ်ခေါင်းဆောင်ပိုင်းအတွက် အထိရောက်ဆုံးသော စစ်ရေးနှင့် နိုင်ငံရေးစိန်ခေါ်မှုများထဲမှ တစ်ခု ဖြစ်လာကြောင်း သုံးသပ်ထားသည်။

အစီရင်ခံစာတွင် AA သည် ပလက်ဝဒေသအပါအဝင် ရက္ခိုင်ပြည်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို ထိန်းချုပ်ထားပြီး၊ နယ်မြေအုပ်ချုပ်ရေး နှင့် အခြေခံအုပ်ချုပ်ရေးစနစ်များကို တည်ဆောက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် AA သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားနေသော တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကာ စစ်ရေးလေ့ကျင့်မှု (Military Training)၊ လက်နက်ခဲယမ်းထောက်ပံ့မှု (Arms and Ammunition Support) နှင့် မဟာဗျူဟာမြောက် မဟာမိတ်ဆက်ဆံရေး (Strategic Alliances) များကို တိုးမြှင့်လုပ်ဆောင်နေကြောင်း သုတေသနအဖွဲ့က ဆိုသည်။

အခြားမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နှိုင်းယှဉ်ပါက AA ၏ အဓိကစစ်ရေးနယ်မြေသည် တရုတ်နိုင်ငံနှင့် တိုက်ရိုက်နယ်နိမိတ်ထိစပ်မှု မရှိသဖြင့် ပြင်ပဖိအားများနှင့် ပထဝီနိုင်ငံရေးအကျိုးသက်ရောက်မှုများ (Geopolitical Pressures) မှ ပိုမိုလွတ်လပ်စွာ လှုပ်ရှားနိုင်သည့် အားသာချက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ လက်တွေ့ကျသော ခေါင်းဆောင်မှုပုံစံ (Pragmatic Leadership) နှင့် အဖွဲ့အစည်းတည်ဆောက်မှုများသည် လူငယ်များနှင့် အမျိုးသမီးများ၏ ပါဝင်မှုကို မြှင့်တင်ပေးခဲ့ကြောင်း Jamestown Foundation က သုံးသပ်ထားသည်။

AA သည် ရက္ခိုင်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည့်အပြင် ရက္ခိုင်နှင့် နယ်မြေချင်း ဆက်စပ်နေသည့် ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများအထိ စစ်ရေးလှုပ်ရှားမှုများ တိုးချဲ့လာနိုင်ပြီး စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံများ (Defense Industry Facilities) တည်ရှိရာဒေသများအနီးတွင် မဟာဗျူဟာမြောက် ကြားခံဇုန် (Strategic Buffer Zone) တစ်ရပ် တည်ဆောက်ရန် ရည်ရွယ်နေကြောင်းလည်း အစီရင်ခံစာက သုံးသပ်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ