AB News – ဇူလိုင် ၃၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်လျက်ရှိသော စားနပ်ရိက္ခာအထောက်အပံ့အဖြစ် ဆန်အိတ်များကို စောမဲကျီဖောင်ဒေးရှင်းက ပြည်တွင်းနှင့် ပြည်ပရောက် အလှူရှင်များ၏ အလှူငွေများဖြင့် ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ယင်းဆန်အိတ်များကို HDCO၊ ARE နှင့် သက်ဆိုင်ရာ ရပ်ရွာလူကြီးများမှတစ်ဆင့် စစ်ဘေးရှောင်ပြည်သူများထံ အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စောမဲကျီဖောင်ဒေးရှင်းက ယခုအလှူလုပ်ငန်းတွင် ပါဝင်လှူဒါန်းခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပရောက် အလှူရှင်များအား ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ထားပြီး ထောက်ပံ့ဖြန့်ဝေပေးရာတွင် ပူးပေါင်းကူညီဆောင်ရွက်ခဲ့သည့် HDCO၊ ARE၊ ရပ်ရွာလူကြီးများနှင့် ကူညီဆောင်ရွက်ပေးခဲ့သော ဝန်ထမ်းများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ရေးပဋိပက္ခများကြောင့် ကျေးရွာပေါင်း ၁၂၀ ကျော်မှ ဒေသခံ လူဦးရေ ၆၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ထို့အပြင် အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ပြေးလာကြရသည့် စစ်ဘေးရှောင်များသဖြင့် စားနပ်ရိက္ခာ၊ သန့်ရှင်းသော သောက်ရေသန့်၊ ဆေးဝါးနှင့် မိုးကာများ အရေးပေါ် အကူအညီ လိုအပ်လျက်ရှိသည်။
ဓာတ်ပုံ – စောမဲကျီဖောင်ဒေးရှင်း





