သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် ညီအစ်မနှစ်ဦးအား လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သူ လွတ်မြောက်နေဆဲ၊ အမြန်ဆုံး ဖမ်းဆီးအရေးယူပေးရန် မိသားစုဝင်များ တောင်းဆိုနေ



AB News – မေ ၂၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာတွင် ပြီးခဲ့သည့် ဧပြီလ ဒုတိယပတ်က အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခံရသည့် အမှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ ကျူးလွန်သူမှာ တစ်လကျော်ကြာသည်အထိ လွတ်မြောက်နေဆဲ ဖြစ်သဖြင့် ၎င်းကို အမြန်ဆုံးဖမ်းဆီးအရေးယူပေးရန် နစ်နာသူမိသားစုဝင်များက တောင်းဆိုနေကြသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရသူများမှာ အသက် ၁၄ နှစ်အရွယ် အစ်မဖြစ်သူနှင့် အသက် ၈ နှစ်အရွယ် ညီမဖြစ်သူတို့ ဖြစ်ကြသည်။

၎င်းတို့ ညီအစ်မနှစ်ဦးအား အသက် ၄၀ နှစ်အရွယ် ယာပိုင်ရှင်ဖြစ်သူ မောင်အေးလှက ခြိမ်းခြောက်၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တရားခံဖြစ်သူ မောင်အေးလှကို သက်ဆိုင်ရာမှ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ၁ လကျော်ကြာသည့်တိုင် လွတ်မြောက်နေသည့်အတွက် အမြန်ဆုံးဖမ်းဆီးအရေးယူပေးရန် နစ်နာသူ မိသားစုဝင်တစ်ဦးက AB News သို့ ပြောသည်။

“ကျူးလွန်သူကိုတော့ ယခုလက်ရှိအချိန်ထိ မဖမ်းမိသေးပါဘူး။ DLEPS နဲ့ အုပ်ချုပ်ရေးဘက်ကတော့ ကြိုးစားနေတယ်လို့ သိရပါတယ်။ မနက်ဖြန်တော့ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးမယ်လို့ အုပ်ချုပ်ရေးဘက်က လူတွေက ပြောတယ်။ ကျူးလွန်သူရဲ့ မိသားစုအိမ်တွေကိုလည်း သွားရောက်မေးမြန်းစစ်ဆေးတာတွေ ရှိပါတယ်။ ဒါပေမဲ့ ခုထိ ကျူးလွန်သူကို ဖမ်းလို့မရသေးပါဘူး” ဟု နစ်နာသူများ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

Arakan Bay News ၏ စစ်တမ်းများအရ ရက္ခိုင်ဒေသတွင် ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှစ၍ မေလအထိ ၅ လတာကာလအတွင်း မုဒိမ်းမှု စုစုပေါင်း ၈ မှုအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ သက်ငယ်မုဒိမ်းမှုများ ကာကွယ်တားဆီးနိုင်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ ဦးဆောင်ကာ ကျေးရွာများအထိ ကွင်းဆင်း၍ ပြည်သူလူထုအကြား အသိပညာပေးဟောပြောပွဲများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။


ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ