AB News – သြဂုတ် ၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ရွှေလှေကျေးရွာအနီးကို စစ်ကော်မရှင်တပ်က ဇူလိုင်လ ၃၁ ရက် နေ့လည်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့ ၂ နာရီ ၅၇ မိနစ်မှ ၃ နာရီဝန်းကျင်အတွင်း ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်က ပေါင် ၃၀၀ ဗုံး ၂ လုံးနှင့် ပေါင် ၅၀၀ ဗုံး ၁ လုံးကို ရွှေလှေကျေးရွာအနီးသို့ လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး နောက်ထပ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ဈေးဆိုင်ခန်း ၂ ခန်း၊ လူနေအိမ် ၅ လုံး၊ အိမ်စီးကား ၂ စီးနှင့် ဆိုင်ကယ် ၂ စီးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယခင် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း သံတွဲမြို့ပေါ် ရပ်ကွက်အချို့ကို စစ်ကော်မရှင်တပ်က အနည်းဆုံး ၅ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြား ပျက်စီးခဲ့သည်ဟု သိရသည်။
ရရှိထားသော အချက်အလက်များအရ ရက္ခိုင်ပြည်တွင် ဇူလိုင်လ ၁၉ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား အနည်းဆုံး ၉ ဦး သေဆုံးခဲ့ပြီး ၃၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Photo – AB News




