
AB News – အောက်တိုဘာ ၈၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်တွင် လှေဖြင့် ငါးဖမ်းထွက်လာသည့် ဒေသခံ ၃ ဦးကို စစ်ကော်မရှင် ရေတပ် (နေဗီ) မှ ဖမ်းဆီးရိုက်နှက်ကာ ပင်လယ်အတွင်း စွန့်ပစ်ခဲ့သဖြင့် ၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
ဖမ်းဆီးရိုက်နှက်ခံရသူများမှာ မြေပုံမြို့နယ်၊ အုန်းချောင်းကျေးရွာမှ ဦးထွန်းကျော်တင်၏သား ကိုကုတ်ကုတ်ချေ (၂၇ နှစ်)၊ ဦးအောင်သိန်းခင်၏သား ကိုမြင့်မောင်ဆန်း (၃၃ နှစ်) နှင့် ဦးမောင်ကျော်လှ၏သား ကိုရဲလင်းအောင် (၂၃ နှစ်) တို့ ဖြစ်ကြသည်။
၎င်းတို့ (၃) ဦးသည် ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်၊ ည ၁၀ နာရီခွဲခန့်တွင် လှေတစ်စီးဖြင့် ငါးရှာထွက်လာစဉ် ကျောက်ဖြူမြို့နယ်၊ နှာခေါင်းပေါက်အနီး တပ်စွဲထားသည့် စစ်ကော်မရှင် ရေတပ်စစ်သင်္ဘောက ၎င်းတို့ ၃ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထို့နောက် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ မျက်နှာများကို လက်သီးဖြင့် ထိုးနှက်ခြင်း၊ ဗိုက်ကို ခြေထောက်ဖြင့် တက်နင်းခြင်း စသည့် ရက်စက်စွာ နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။ယင်းနောက် ၎င်းတို့၏ ငါးဖမ်းလှေကို ပြန်မပေးဘဲ ပင်လယ်အတွင်းသို့ ရေကူးခိုင်း၍ စွန့်ပစ်ခဲ့ကြောင်း သိရသည်။
ပင်လယ်အတွင်း စွန့်ပစ်ခံရသူ ၃ ဦးအနက် ကိုကုတ်ကုတ်ချေ ဆိုသူမှာ ရေကူးရင်း အခြားငါးဖမ်းလှေတစ်စီးနှင့် တွေ့ရှိခဲ့သဖြင့် အသက်ရှင် လွတ်မြောက်လာခဲ့သော်လည်း ကျန် ၂ ဦးဖြစ်သည့် ကိုမြင့်မောင်ဆန်းနှင့် ကိုရဲလင်းအောင် တို့မှာ လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင် ရေတပ်သည် ရက္ခိုင်ပြည်နယ်အတွင်းရှိ ပင်လယ်ပြင်တွင် ဝမ်းစာရေးအတွက် ငါးဖမ်းလုပ်ကိုင်နေသည့် အပြစ်မဲ့ ပြည်သူများကို ဆက်တိုက် ဖမ်းဆီးနှိပ်စက်မှုများ ကျူးလွန်လျက်ရှိသည်။