AB News – မတ် ၂၃၊ ၂၀၂၆
ရက္ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်လေတပ်မှ ဒရုန်း အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့၊ နေ့လယ် ၁၂ နာရီကျော်အချိန်တွင် စစ်ကော်မရှင်တပ်သည် အသေခံဒရုန်း ၂ စီးဖြင့် ကျောက်ပြောက်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်၏ ခေါင်မိုးအချို့နှင့် ဘုံပိတ်များ ပြိုကျပျက်စီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ဒိုးတောင်ကျေးရွာကို စစ်ကော်မရှင်လေတပ်မှ ဂျက်ဖိုင်တာအပါအဝင် ဒရုန်းများဖြင့် ၃ ကြိမ်တိုင်တိုင် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် အမျိုးသားတစ်ဦး သေခဲ့ဆုံးပြီး နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၁၁နာရီ၊ ၅ မိနစ်အချိန်ခန့်တွင် လည်း ကျောက်ဖြူမြို့နယ်၊ င/အုပ်ကျေးရွာအနီးရှိ ယာယီစစ်ဘေးရှောင်စခန်းကို ဆူဆိုဒ်ဒရုန်းများအသုံးပြု၍ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ စစ်ဘေးရှောင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
လက်ရှိ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကော်မရှင်ကြား တိုက်ပွဲများဆက်လက် ပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်မှ စစ်ရေးနှင့်မသက်ဆိုင်သော မြို့၊ ရွာများကို လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းများဖြင့် ပစ်မှတ်ထား၍ တိုက်ခိုက်နေကြောင်း သိရသည်။
ပုံစာ – ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ကျောင်းဆောင်ခေါင်မိုးနှင့် ဘုံပိတ်များ ပျက်စီးခဲ့သည်ကို မြင်တွေ့ရခြင်း။(ဓာတ်ပုံ-APM)



