
AB News – မတ် ၂၃၊ ၂၀၂၆
အာရက္ခဒေသအတွင်း အသက် ၁၂ နှစ်အောက် အမျိုးသမီးငယ်များအား အဓမ္မကျူးလွန်သူ မည်သူမဆို ရာသတ်ကြီးပုဒ်မ ၃၇၆ (၃) အရ ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ ထောင်ဒဏ်အနှစ် (၂၀) အဖြစ် ချမှတ်ခံရမည်ဖြစ်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဌာန(DLEPS) က ပြဌာန်းလိုက်သည်။
ထို့ပြင် အဓမ္မပြုကျင့်ရန် ကြံစည်ကြိုးစားမှုများကိုလည်း ကြီးလေးသောပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်ပြီး ပြစ်မှုမြောက်လျှင် ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်မည်ဖြစ်ကြောင်း ပြဌာန်းထားသည်။
ပြည်သူများအနေဖြင့်လည်း သက်ငယ်မုဒိန်းမှုမဖြစ်စေရေးနှင့် အဓမ္မကျူးလွန်ရန် ကြံစည်ကြိုးစားခြင်းမှ ကင်းလွတ်စေရန်အတွက် ကလေးသူငယ်များအား ကြိုတင်ကာကွယ်ခြင်း၊ သံသယဖြစ်ဖွယ်ရာများရှိပါက ချက်ချင်းသတင်းပေးပို့ရန်၊ ဥပဒေအကြောင်း သိရှိနားလည်အောင်လုပ်ဆောင်ခြင်း၊ ကျူးလွန်မှုများကို အားပေးအားမြောက်ဖြစ်စေအောင် မပြုလုပ်ဘဲ ဝိုင်းဝန်းရှုံ့ချခြင်းနှင့် ကလေးသူငယ်များအား ပွင့်လင်းစွာပြောဆိုနိုင်အောင် ပြုစုပြုထောင်ပေးကြရန် တိုက်တွန်းပြောဆိုထားသည်။
အာရက္ခဒေသအတွင်း သက်ငယ်မုဒိန်းမှုများ ဖြစ်ပွားလာမှုများအပေါ် တရားစီရင်မှုပိုင်း၌ အားနည်းမှုများရှိနေကြာင်း ပြည်သူများက ထောက်ပြပြောဆိုနေကြပြီး ကျူးလွန်သူများနှင့် ကျူးလွန်ရန် ကြံစည်ဆောင်ရွက်သူများအားလည်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် ပြည်သူများက တောင်းဆိုနေကြသည်။
ယခုအခါတွင် ပလက်ဝဒေသအပြင် အာရက္ခဒေသအတွင်းရှိ ၁၄ မြို့နယ်ကို ထိန်းချုပ်ထားသော အာရက္ခတပ်တော်(AA) သည် ဒေသအတွင်းရှိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး အစရှိသော ကဏ္ဍအသီးသီးကို လုပ်ဆောင်လျှက်ရှိနေသည်။