
AB News – ဧပြီ ၁၁၊ ၂၀၂၆
ရက္ခိုင်ပြည်ရှိ လက်ကျန်နယ်မြေ အဆုံးအဖြတ်တိုက်ပွဲများကို ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်မတိုင်မီ အပြီးသတ် သိမ်းပိုက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော်(AA)၏ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ပြည်သူများကို အသိပေး ပြောဆိုလိုက်သည်။
“လက်ကျန်အဆုံးအဖြတ်တိုက်ပွဲတွေကို ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ် မတိုင်မီ အပြီးသတ် အောင်ပွဲခံသွားမယ်။ ယုံကြည်ချက်နဲ့အညီ လက်ကျန်အလုပ်တွေကို ဆက်လုပ်နေပါတယ်။ ချွင်းချက်အနေနဲ့ အဲဒီကာလရောက်လို့ မပြီးနိုင်သေးပါက မိုးဆုံးမြေဆုံး ချီတက်သွားမယ်” ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ဆိုသည်။
ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်ခဲ့သည့် အာရက္ခတပ်တော် တည်ထောင်သော ၁၇ နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် “လက်ကျန်နယ်မြေများကို ၂၀၂၇ ခုနှစ် မတိုင်မီ အပြီးသတ်သိမ်းပိုက်သွားမည်” ဟု ရေးသားဖော်ပြထားခြင်းဖြစ်သည်။
လက်ကျန်ဗျူဟာမြောက် အရေးကြီးနယ်မြေများနှင့် ထိန်းချုပ်ထားသည့် လွတ်မြောက်များ အာမခံချက် ခိုင်မာစေရန် ဆက်လက်ပြီး မရပ်မနား ကြိုးစားတည်ဆောက်ပြီး တိုက်ခိုက်ရန် ရှိသည်ကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အာရက္ခတပ်တော်၏ တပ်ဖွဲ့ဝင်များကို အသိပေးပြောဆိုလိုက်သည်။
အာရက္ခတပ်တော်၏ တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် သည် အပြောထက် အလုပ်ကို တိတိကျကျ လုပ်ဆောင်တတ်ပြီး ဆုံးဖြတ်ချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သူဖြစ်သောကြောင့် လက်ကျန်နယ်မြေများကို ၂၀၂၇ ခုနှစ် မတိုင်မီ သိမ်းပိုက်နိုင်မည်ဟု ပြောဆိုချက်ကို အပြည့်အဝ ယုံကြည်ကြောင်း ရက္ခိုင်အရေးလေ့လာသုံးသပ်သူတစ်ဦးက AB News သို့ ပြောသည်။
“ဗိုလ်ချုပ် ထွန်းမြတ်နိုင် က အပြောထက် အလုပ်ပိုလုပ်သူ ဖြစ်တယ်။ သူပြောတဲ့ အတိုင်းလည်း လုပ်ပြထားသူ ဖြစ်တယ်။ အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေကလည်း ဗိုလ်ချုပ် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဆောင်နိုင်ကြတယ်။ ပြည်သူတွေကလည်း ဆက်လက်ပြီး ဝန်းရံနေကြတယ်။ ဒါကြောင့် လက်ကျန်နယ်မြေတွေကို ၂၀၂၇ မတိုင်မီ သိမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်ရှိ မြို့နယ် ၁၄ မြို့နယ်အပါအဝင် ပလက်ဝဒေသ တစ်ခုလုံးကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည်ကို တွေ့ရှိရသည်။
ထို့အပြင် အာရက္ခတပ်တော်သည် ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ရုံသာမက ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများကို အခြားသော တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ တိုက်ခိုက်လျက် ရှိနေသည်။