AB News – နိုဝင်ဘာ ၂၆၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်းရှိ အာရက္ခရေပိုင်နက်အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ငါးဖမ်းခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄၃ ဦးကို လူသားချင်းစာနာထောက်ထားမှုနှင့် ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေး ရည်ရွယ်ချက်ဖြင့် အာရက္ခတပ်တော် AA က ယနေ့ နိုဝင်ဘာ ၂၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း AB News က ကွင်းဆင်းတွေ့ရှိရသည်။
အဆိုပါ လွှဲပြောင်းပေးအပ်မှုကို မောင်တောမြို့နယ်၊ ကညင်ချောင်းစီးပွားရေးဇုန်အနီးရှိ ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ် နတ်မြစ်အတွင်း၌ နှစ်ဖက်တာဝန်ရှိသူများ၏ ညှိနှိုင်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည့် ငါးဖမ်းသမားများသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း လေးနှစ်တာကာလ၌ အာရက္ခရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ငါးဖမ်းခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။
လွှဲပြောင်းပေးအပ်မှု မပြုလုပ်မီ အာရက္ခတပ်တော် AA ဘက်မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၆၀ ကျော်က ငါးဖမ်းသမားများကို နတ်မြစ်အတွင်းရှိ လွှဲပြောင်းရေးနေရာအထိ လိုက်ပါပို့ဆောင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB တာဝန်ရှိသူများထံ ဘေးကင်းလုံခြုံစွာ လွှဲပြောင်းပေးအပ်ခဲ့သည်။
လွှဲပြောင်းပေးအပ်မှုအတွင်း AA နှင့် BGB တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ငါးဖမ်းသမားများ ဘေးအန္တရာယ်ကင်းရှင်းစွာ လွှဲပြောင်းနိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
ပြန်လည်လွတ်မြောက်လာသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားတစ်ဦးက လူသားချင်းစာနာထောက်ထားမှုဖြင့် ပြန်လည်လွှတ်ပေးခဲ့သည့် အာရက္ခတပ်တော် AA ကို ကျေးဇူးတင်ရှိကြောင်းနှင့် နောင်တွင် အာရက္ခရေပိုင်နက်အတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ငါးဖမ်းတော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
အာရက္ခတပ်တော် AA သည် အာရက္ခရေပိုင်နက်အတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ငါးဖမ်းခြင်း မပြုလုပ်ကြရန် အကြိမ်ကြိမ် သတိပေးတားမြစ်ထားသော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ငါးဖမ်းသမားအချို့ ဆက်လက်ဝင်ရောက်ငါးဖမ်းမှုများ ရှိနေသဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံရသူများကို သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် ၎င်းတို့၏ အခြေအနေများကို ထည့်သွင်းစဉ်းစားကာ လူသားချင်းစာနာထောက်ထားမှုအရ ပြန်လည်လွှဲပြောင်းပေးအပ်မှုများလည်း ပြုလုပ်နေခြင်းဖြစ်သည်။
နတ်မြစ်အတွင်း AA နှင့် BGB တာဝန်ရှိသူများ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့ခြင်းသည် ရေပိုင်နက်နှင့် ငါးဖမ်းလုပ်ငန်းဆိုင်ရာ ပြဿနာများကို နှစ်ဖက်အကြား ဆက်လက်ညှိနှိုင်းဖြေရှင်းနိုင်ရေးနှင့် နယ်စပ်ဒေသဆက်ဆံရေး ပိုမိုခိုင်မာလာရေးအတွက် အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ရပ် ဖြစ်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဩဂုတ် ၁၉ ရက်ကလည်း အာရက္ခရေပိုင်နက်အတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ငါးဖမ်းခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၄ ဦးကို အာရက္ခတပ်တော် AA က လူသားချင်းစာနာထောက်ထားမှုဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Photo – Hein Tun/ AB News



















