AB News – စက်တင်ဘာ ၁၀၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လူနည်းစုများအနက် ပျောက်ကွယ်လုနီးပါးဖြစ်နေသော သက်လူမျိုးစုတို့၏ စာပေနှင့် ယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးအတွက် အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် သက်လူမျိုးစု စာပေနှင့် ယဉ်ကျေးမှုကော်မတီတို့ ယမန်နေ့ စက်တင်ဘာ ၉ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရက္ခိုင်ပြည်အတွင်းရှိ နေရာတစ်ခု၌ ကျင်းပခဲ့ပြီး ပွဲသို့ အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) မှ တာဝန်ရှိသူများနှင့် သက်လူမျိုးစု စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၀ နီးပါး တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် အာရက္ခပြည်စာရေးဆရာအသင်း(ဗဟို) ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်လူမျိုးစု စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် ၁ ဦးက သက်လူမျိုးစုတို့၏ စာပေကို ဖော်ထုတ် ထိန်းသိမ်းရန်လိုအပ်ကြောင်းနှင့် စာပေနှင့် ပတ်သတ်သည့် ဆွေးနွေးမှုများကို အပြန်အလှန် ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲ၏ အဓိကရည်ရွယ်ချက်မှာ ရက္ခိုင်ပြည်၏ တော်လှန်ရေးအခန်းကဏ္ဍများတွင် ရှေးယခင်ကပင်ပါဝင်ခဲ့သည့် သက်လူမျိုးစုတို့၏ ပျောက်ကွယ်လုနီးပါးဖြစ်နေသော စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်းများအား ဖော်ထုတ်ပေးရန်ဖြစ်သည်။
ထို့ပြင် လက်ရှိ ထုတ်ဝေလျက်ရှိသည့် “အာရက္ခသွေးချင်း ဂျာနယ်” တွင် သက်လူမျိုးစုတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ဂီတ၊ အနုပညာနှင့် သမိုင်းဆိုင်ရာ ဆောင်းပါးများကို ထည့်သွင်းဖော်ပြသွားရန် အာရက္ခပြည် စာရေးဆရာအသင်းဘက်က ဖိတ်ခေါ် ဆွေးနွေးခဲ့သည်။
နှစ်ဖက် ကိုယ်စားလှယ်များသည် စာပေရေးရာ ကဏ္ဍများအပါအဝင် အခြားသော ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အထိ ၂ နာရီကျော်ကြာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Photo – Arakan Princess Media
