
AB News – စက်တင်ဘာ ၉၊ ၂၀၂၆
ပလက်ဝခရိုင်အတွင်း အထက်တန်းအဆင့် (Grade-12) တွင် ရက္ခိုင်စာ သင်ရိုးသစ်ကို သင်ကြားမည်ဖြစ်သော်လည်း ကျောင်းသား၊ ကျောင်းသူများကို မဖြစ်မနေ သင်ယူရန် အတင်းအကြပ် ခိုင်းစေမည်မဟုတ်ဘဲ မြန်မာစာ သို့မဟုတ် ရက္ခိုင်စာ နှစ်ခုအနက် မိမိတို့ ကြိုက်နှစ်သက်ရာ တစ်ခုကို လွတ်လပ်စွာ ရွေးချယ်သင်ယူနိုင်ကြောင်း အာရက္ခအမျိုးသားပညာရေးဌာန၏ သဘောထား ထုတ်ပြန်ချက်အရ သိရသည်။
ပလက်ဝခရိုင်အတွင်း ရက္ခိုင်စာသင်ရိုးသစ်နှင့် ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်နေခြင်းအပေါ် ယခုမူဝါဒသည် ကျောင်းသား၊ ကျောင်းသူတိုင်းကို ရက္ခိုင်စာ မဖြစ်မနေ သင်ယူစေမည့် အတင်းအကျပ်စနစ် မဟုတ်ကြောင်း ပညာရေးဌာနက ဆိုသည်။
ယခုနှစ် ပညာသင်နှစ်တွင် ပလက်ဝခရိုင်အတွင်း ၁၂ တန်း ပညာသင်ယူနေသူ စုစုပေါင်း ၁၅၈ ဦးရှိပြီး ရက္ခိုင်လူမျိုး ၁၃၈ ဦး၊ ခူမီးလူမျိုး ၁၆ ဦး၊ ဒိုင်းနက်လူမျိုး ၃ ဦးနှင့် မြိုလူမျိုး ၁ ဦး ပါဝင်ကြောင်း အာရက္ခအမျိုးသားပညာရေးဌာနက ပြောသည်။
အဆိုပါကျောင်းသားများ၏ ပညာသင်ကြားရေးကို အာရက္ခအမျိုးသားပညာရေးဌာနက ကြီးကြပ်ဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာရက္ခအမျိုးသားပညာရေးဌာနက ULA/AA ထိန်းချုပ်ထားသည့် ဒေသများနှင့် အာရက္ခတပ်တော်၏ စစ်ရေးလှုပ်ရှားမှုများရှိသည့် ဒေသများတွင် ဒေသခံများ၏ လူမှုစီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအတွက် ခေတ်ကာလနှင့် လျော်ညီသည့် မူဝါဒများဖြင့် ဆောင်ရွက်နေသည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြားမှ ပညာရေးလုပ်ငန်းများကို အကန့်အသတ်များနှင့် သတိထား၍ ဆက်လက်လုပ်ဆောင်နေပြီး အရွယ်ရောက်ပြီးသူ လူငယ်များ ပညာသင်ကြားခွင့်ရရှိရေးအတွက်လည်း ဆောင်ရွက်နေကြောင်း ပညာရေးဌာနက ပြောထားသည်။