သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းရန်လာသည့် အသက်မပြည့်သေးသော လူငယ် (၂) ဦးနှင့် ကျန်းမာရေးမကောင်းသော လူငယ် (၁) ဦးကို  AA က မိဘထံ ပြန်လည်အပ်နှံ

AB News – စက်တင်ဘာ ၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် အသက်မပြည့်ဘဲ မိမိတို့၏သဘောဆန္ဒအလျှောက် စစ်မှုထမ်းရန် အာရက္ခတပ်တော်သို့ ဝင်ရောက်လာသည့် လူငယ် (၂) ဦးနှင့် အသက် (၂၀) ပြည့်ပြီး အရွယ်ရောက်သော်လည်း ကျန်းမာရေးမကောင်းသော လူငယ် (၁) ဦးကို ယနေ့ စက်တင်ဘာ (၇) ရက်​​နေ့​တွင် မိဘများထံသို့ ပြန်လည်အပ်နှံခဲ့သည်။

အဆိုပါလူငယ်များမှာ ကျောက်တော်မြို့နယ်၊ ပြင်လှကျေးရွာတွင် နေထိုင်ကြသည့် (အဖ)  ဦးသန်းထွန်းဦးနှင့် (အမိ) ဒေါ်ဦးမေနုတို့၏သား အသက် (၁၅) နှစ် မောင်ဇွဲချေ၊ (အဖ) ဦးမောင်လှဝင်းနှင့် (အမိ) ဒေါ်မဲလုံးမ တို့၏သား အသက် (၁၆) နှစ် မောင်မင်းစိုးနိုင် နှင့် (အဖ) နီချေမောင်နှင့် (အမိ) ဒေါ်လှစောယဥ်တို့၏သား အသက် (၂၀) နှစ် မောင်ထွီးချေ  တို့ဖြစ်ကြသည်။

၎င်းတို့သည် ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်က အာရက္ခတပ်တော်ထံ စစ်မှုထမ်းရန် မိမိသဘောဆန္ဒဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အာရက္ခတပ်တော်က အသက်မပြည့်သေးသည့် မောင်ဇွဲချေနှင့် မောင်မင်းစိုးနိုင် တို့ကို စစ်မှုထမ်းအဖြစ် လက်မခံဘဲ ယာယီ ထိန်းသိမ်းစောင့်ရှောက်ထားပြီးနောက် စက်တင်ဘာ ၇ ရက်တွင် မိဘများထံ ပြန်လည်လွှဲပြောင်း ပေးခဲ့သည်။

ထို့အပြင် အသက် ၂၀ အရွယ် မောင်ထွီးချေ မှာလည်း အာရက္ခကျန်းမာရေးဌာန၏ ဆေးစစ်ချက်အရ ကျန်းမာရေး မအောင်မြင်သဖြင့် မိဘများထံ ပြန်လည် အပ်နှံခဲ့ခြင်း ဖြစ်သည်။

အာရက္ခတပ်တော်သည် အသက်မပြည့်သေးသည့် လူငယ်များ၊ ကျောင်းသားများ၊ ကျန်းမာရေးမကောင်းသူများနှင့် ကိုယ်ဝန်ဆောင်မိခင်များကို စစ်မှုထမ်းရန် လက်မခံကြောင်း မြောက်ဦးမြို့နယ်ပါတီမှ ရှင်းလင်းပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း စစ်ကော်မရှင်တပ်၏ လော်ဘီများ၊ မူဆလင်အစွန်းရောက်အဖွဲ့များနှင့် အာရက္ခတပ်တော်ကို မလိုလားသည့်အဖွဲ့များက အာရက္ခတပ်တော်သည် အသက်မပြည့်သေးသည့် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုပါ စစ်မှုထမ်းခေါ်သည်ဟု ဝါဒဖြန့်လျက်ရှိသည်။

ထို့ပြင် ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ပြင်ဈေးရပ်ကွက်မှ အသက်မပြည့်ဘဲ စစ်မှုထမ်းရန်လာရောက်သည့် (အဖ) ဦးအောင်လှဇံ၏ သားဖြစ်သူ အသက် ၁၆ နှစ် မောင်နေလင်းအောင်ကို အာရက္ခတပ်တော်က မိဘများထံ ပြန်လည်အပ်နှံပေးခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ (အဖ) ဦးသိန်းအောင်ချေနှင့် (အမိ) ဒေါ်လှလှဝင်း(ခ) ငယ်ငယ်တို့၏သား အသက် (၁၃) နှစ် မောင်မောင်မင်းခန့်ကိုလည်း အာရက္ခတပ်တော်မှ မိဘများထံသို့ပြန်လည်အပ်နှံခဲ့သည်။

ပုံစာ – စက်တင်ဘာ ၇ ရက်က မြောက်ဦးမြို့နယ်တွင် စစ်မှုထမ်းရန် သတ်မှတ်ချက် မပြည့်မီသည့် လူငယ် ၃ ဦးအား မိဘအုပ်ထိန်းသူများထံ အာရက္ခတပ်တော် (AA) က ပြန်လည်လွှဲပြောင်း အပ်နှံစဉ်။ (ဓာတ်ပုံ – AB News)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ