
AB News – စက်တင်ဘာ ၆၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက် (၁၄) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့သော တရားခံ မောင်အေးလှကို မြောက်ဦး အထူးတရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ( ၃၀) အထိ ချမှတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ပြီးခဲ့သည့် ဩဂုတ်လ (၂၉) ရက်နေ့က မြောက်ဦးခရိုင်တရားရုံးမှာ တရားစွဲတင်ထားခဲ့ပြီး အမှုစတင်စစ်ဆေးပြီးနောက် ယမန်နေ့ စက်တင်ဘာလ (၅) ရက်နေ့က မြောက်ဦးခရိုင်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
၎င်းဖြစ်စဥ်မှာ ပြီးခဲ့သည့် ဧပြီလ (၇) ရက်နေ့က ကျောက်တော်မြို့နယ်၊ ရင်းချောင်းဒေသတွင် ယာခင်းစောင့် လုပ်ကိုင်နေသည့် မိသားစုမှ အသက် (၁၄) နှစ်အရွယ် သမီးဖြစ်သူကို ဆိုလာပြားသွားယူရန် အကြောင်းပြပြီး လမ်းခရီးတွင် ယာခင်းပိုင်ရှင် တရားခံ မောင်အေးလှမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်သူမှာ ကျောက်တော်မြို့နယ်၊ သိန်းတန်ကျေးရွာမှ အဖ ဦးစိန်ထွန်းမောင်၏ သားဖြစ်သူ အသက် (၅၅) နှစ်အရွယ် ဦးမောင်အေးလှ ဖြစ်ကြောင်း သိရသည်။
တရားခံ ဦးမောင်အေးလှသည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်ခဲ့ကြောင်း ပြစ်မှုထင်းရှားသဖြင့် မြောက်ဦးခရိုင်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) – အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် (၂၀)နှင့် ရာဇသတ်ကြီးပုဒ်မ ၃၇၇ ( ဓမ္မတာဆန့်ကျင်သည့် ကာမစပ်ယှက်ခြင်း) – အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ် စသည့် ပြစ်ဒဏ်များကို သီးခြားစီ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။
ထို့ပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှ အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် ကျူးလွန်သည့် မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Photo – အာရက္ခမှုခင်းနန့်ဆက်စပ်သတင်းများထုတ်ပြန်ရီးအဖွဲ