သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခဒေသ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများအတွက် MTC/MDF က ငွေကျပ် သိန်း ၅၀ လှူဒါန်း

AB News- ဇူလိုင် ၁၆၊ ၂၀၂၆

အာရက္ခဒေသအတွင်း ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) က ငွေကျပ် သိန်း ၅၀ ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ထံ လှူဒါန်းထောက်ပံ့ခဲ့ကြောင်း သိရသည်။

ယင်းထောက်ပံ့ငွေကို အာရက္ခဒေသအတွင်း ရေဘေးကြောင့် အခက်အခဲကြုံတွေ့နေရသည့် ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေးနှင့် လိုအပ်သည့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အလှူငွေ လက်ခံရရှိမှုအတွက် HDCO က MTC/MDF ၏ လူသားချင်းစာနာထောက်ထားသည့် ပူးပေါင်းကူညီမှုကို အသိအမှတ်ပြုသည့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

MTC/MDF သည် အာရက္ခတပ်တော် (AA) ၏ မဟာမိတ်အဖွဲ့တစ်ခုဖြစ်ပြီး တပ်ဖွဲ့တည်ထောင်ပြီး လေးနှစ်ခွဲကျော်အတွင်း စစ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

အာရက္ခဒေသတွင် ဇူလိုင်လ ပထမပတ်မှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့နယ် ၈ ခုထက်မနည်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူ တစ်သိန်းနီးပါး ရေဘေးဒဏ်သင့်ခဲ့ရသည်။

ရေဘေးသင့်ဒေသများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက ပူးပေါင်း၍ ကယ်ဆယ်ရေး၊ စားနပ်ရိက္ခာဖြန့်ဝေရေး၊ သောက်သုံးရေထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – ‎MTC/MDF

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ