AB News – ဇူလိုင် ၁၇၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ အသေကာလကျေးရွာတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် ကျေးရွာ၏ သောက်သုံးရေကန်များအားလုံး ရေနစ်မြုပ်ခဲ့ပြီး ရေပြန်ကျပြီး နောက်တွင်လည်း ရေဆိုးနှင့် အညစ်အကြေးများ ဝင်ရောက် ကျန်ရှိနေသဖြင့် ဒေသခံများမှာ လုံခြုံစိတ်ချရသော သောက်သုံးရေ ရရှိရေးအတွက် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ရက္ခိုင်ဒေသတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေမြင့်တက်လာခြင်းတို့ကြောင့် အသေကာလကျေးရွာသည် ဇူလိုင် ၅ ရက်မှစတင်၍ ရေကြီးနစ်မြုပ်ခဲ့ပြီး ဇူလိုင် ၈ ရက်တွင် ကျေးရွာရှိ သောက်သုံးရေကန် ၄ ကန်လုံး လုံးဝရေနစ်မြုပ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
လက်ရှိတွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း ရေကန်များအတွင်း ရေဆိုးနှင့် အနည်အနှစ်များ ကျန်ရှိနေသဖြင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရန် မဖြစ်နိုင်သေးကြောင်း၊ ရေကန်များကို ရေစုပ်စက်ဖြင့် စုပ်ထုတ်ရှင်းလင်းရန် လိုအပ်နေသော်လည်း လုံလောက်သော ရေစုပ်စက်နှင့် နည်းပညာအကူအညီ မရှိသဖြင့် အခက်အခဲများ ဆက်လက်ကြုံတွေ့နေရကြောင်း အသေကာလကျေးရွာမှ ဒေသခံ မောင်အောင်ဟိန်းစိုးက AB News သို့ ပြောသည်။
“ကျနော်တို့ရွာမှာ ရေဘေးကြောင့် သောက်သုံးရေကန် ၄ ကန်လုံး နစ်မြုပ်သွားပြီး ရွာသားတွေ သောက်ရေအတွက် အခက်အခဲ အကြီးအကျယ်ဖြစ်နေပါတယ်။ ရေကန်ထဲက ရေဆိုးတွေကို မဖြစ်မနေ သုံးနေရတဲ့အတွက် ယားနာတွေ ဖြစ်လာနေပါပြီ။ ရေကန်ထဲက ရေဆိုးတွေကို စုပ်ထုတ်ပေးနိုင်ဖို့ အကူအညီ လိုအပ်နေပါတယ်။ ကျနော်တို့မှာ ရေစုပ်စက်လည်း မလုံလောက်ပါဘူး။ ဟုဆိုသည်။
အသေကာလကျေးရွာတွင် အိမ်ခြေ ၁၈၃ အိမ်၊ အိမ်ထောင်စု ၂၀၃ စုနှင့် လူဦးရေစုစုပေါင်း ၇၆၀ ခန့် နေထိုင်လျက်ရှိသည်။
လုံခြုံစိတ်ချရသော သောက်သုံးရေမရရှိသေးသဖြင့် ရေဆိုး၊ ရေညစ်များကို မလွှဲမရှောင်သာ အသုံးပြုနေရပြီး လက်ရှိတွင် ဒေသခံ အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၅၀ ခန့်မှာ အရေပြားရောဂါ (ယားနာ) ခံစားနေရကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါကျေးရွာသို့ ဇူလိုင် ၁၅ ရက်တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) မှ ဆန်အိတ် ၅၀ လာရောက်ထောက်ပံ့ခဲ့သော်လည်း သောက်သုံးရေ ပြန်လည်ရရှိရေးနှင့် ရေကန် သန့်ရှင်းရေးလုပ်ငန်းများအတွက် အရေးပေါ်အကူအညီများ ဆက်လက်လိုအပ်နေဆဲဖြစ်သည်။
အသေကာလကျေးရွာအပြင် မင်းပြားမြို့နယ်ရှိ မြင်းကဆိပ်ကျေးရွာနှင့် ကပ္ပဲကျေးရွာတို့တွင်လည်း ရေကြီးရေလျှံမှုကြောင့် သောက်သုံးရေကန်များ နစ်မြုပ်ခဲ့ပြီး လုံခြုံစိတ်ချရသော သောက်သုံးရေ ရရှိရေးအတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
ရက္ခိုင်ဒေသတွင် ဇူလိုင်လအစပိုင်းမှစ၍ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် အခြားမြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူနေအိမ်များ၊ စိုက်ပျိုးမြေများ၊ လမ်းတံတားများနှင့် အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ရေဘေးအပြီး သောက်သုံးရေနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများလည်း ပိုမိုမြင့်တက်လာလျက်ရှိသည်။
Photo – AB News


