သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်၊ ဝေသာလီရွာတွင် ငှက်ဖျား၊ သွေးလွန်တုပ်ကွေး ကူးစက်သူ ၁၅၀ နီးပါး ရှိလာ၊ နို့တိုက်မိခင် ၂ ဦး ဆက်တိုက် သေဆုံး

​AB News – ဇူလိုင် ၁၀၊ ၂၀၂၆

​ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာတွင် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၁၅၀ နီးပါးအထိ ရှိလာပြီး ရောဂါကြောင့် သေဆုံးသူများလည်း ရှိနေကြောင်း AB News ၏ ကွင်းဆင်းသတင်းရယူမှုအရ သိရသည်။

​ ပြီးခဲ့သည့် မေလလယ်ပိုင်းမှစ၍ အဆိုပါကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုဇူလိုင်လအတွင်း ကူးစက်မှုနှုန်း ပိုမိုမြင့်တက်လာကာ လက်ရှိတွင် ကိုယ်ခံအားနည်းနေသည့် နို့တိုက်မိခင် အမျိုးသမီး ၂ ဦး ဆက်တိုက်သေဆုံးခဲ့ကြောင်း သိရသည်။

​ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့က အသက် ၃၅ နှစ်အရွယ် ကလေး ၃ ဦး မိခင် ဒေါ်ဦးမြသန်း သေဆုံးခဲ့ပြီး၊ ဇူလိုင်လ ၈ ရက်နေ့ကလည်း နို့စို့အရွယ်ကလေးမိခင် မကြည်ကြည်ဝင်း အသက် ၂၇ နှစ်သည် တိုက်နယ်ဆေးရုံတွင် ၂ ရက်ကြာ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း မိသားစုဝင်များ က ပြောသည်။

​ “သမီးက ရောဂါလက္ခဏာပြပြချင်း ဆေးရုံကို သွားခဲ့တာပါ။ တိုက်နယ်ဆေးရုံမှာ တစ်ရက်ပဲ နေလိုက်ရတယ်။ ဆရာဝန်က ဒီရောဂါအတွက် ကုသဖို့ ဆေးမရှိဘူးလို့ ပြောပါတယ်။ မသေခင်မှာ သမီးက တစ်ကိုယ်လုံး အမဲစက်တွေပေါ်လာပြီး အသက်ရှုကျပ်လာတယ်လို့ ပြောရင်း ဆုံးသွားခဲ့တာပါ။ အခုတော့ ကျောင်းနေအရွယ် ကလေး ၂ ယောက်နဲ့ နို့စို့အရွယ် ကလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်” ဟု သေဆုံးသူ ဒေါ်ဦးမြသန်း၏ဖခင် ဦးလှမောင်က ပြောကြားသည်။

​ဝေသာလီကျေးရွာမှာ တောတောင်နှင့် နီးစပ်ပြီး သစ်ပင်များ ထူထပ်ကာ ခြင်ပေါက်ပွားမှု အလွန်များပြားကြောင်း ဒေသခံများက ဆိုကြသည်။

ယခုကဲ့သို့ မိခင် ၂ ဦး ဆက်တိုက် သေဆုံးခဲ့မှုကြောင့် ကျန်ရစ်သည့် နို့စို့အရွယ် ကလေးငယ်များ၏ ကျန်းမာရေးနှင့် ပြုစုစောင့်ရှောက်မှု အပိုင်းအတွက်ပါ မိသားစုဝင်များမှာ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

၎င်းအပြင် ကျေးရွာအတွင်း နေ့စဉ်နှင့်အမျှ ဖျားနာသူ အရေအတွက် တိုးပွားလာနေပြီး ထပ်မံ၍ အသက်အန္တရာယ် ဆုံးရှုံးရမည်ကို ရွာလုံးကျွတ် ထိတ်လန့်စိုးရိမ်နေကြကြောင်း ဝေသာလီရွာသားများက ဆိုကြသည်။

​ကျေးရွာအတွင်း ရောဂါကူးစက်မှုနှုန်း အရှိန်အဟုန်ဖြင့် မြင့်တက်နေပြီး အသက်ဆုံးရှုံးမှုများပါ ရှိလာသဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို အချိန်မီ ထိန်းချုပ်နိုင်ရေးအတွက် အရေးပေါ်ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများအား အရှိန်မြှင့်ဆောင်ရွက်ပေးရန် ဒေသခံများက ကျန်းမာရေးအဖွဲ့အစည်းများထံသို့ ဝိုင်းဝန်းတောင်းဆိုနေကြကြောင်း သိရှိရသည်။

(ဓာတ်ပုံ – Arakan Bay News)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ