AB News – ဇူလိုင် ၁၀၊ ၂၀၂၆
ရက္ခိုင်ပြည်ရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာပေါင်း ၇၀ နှင့် အထက်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)မှ ယမန်နေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့အထိ HDCO မှ ကောက်ယူရရှိထားသော အချက်အလက်များအရ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပလက်ဝ၊ မြောက်ဦး၊ မင်းပြားမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာပေါင်း ၇၀ ထက်မနည်းတွင် ရေကြီးမှုဖြစ်ပေါ်နေပြီး သေဆုံးသူ ၃ ဦးအထိ ရှိလာနေကြောင်း ဖော်ပြထားသည်။
ထို့ပြင် လမ်း၊ တံတားများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး မြေပြို၊ ကမ်းပါးပြိုကျမှုများလည်း ရှိခဲ့ကြောင်း ဆိုထားသည်။
ဆက်လက်ပြီး ယနေ့ ဇူလိုင်လ ၉ ရက်နေ့အထိလည်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး အဆိုပါ မြို့နယ်များတွင် ရေကြီးခြင်း၊ ရေလွှမ်းမိုးခြင်း အခြေအနေများမှာ ပိုမိုဆိုးရွားလာနိုင်၍ “တုံပြန်ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေ” သို့ ရောက်ရှိနေကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် HDCO အနေဖြင့်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဌာနများ၊ သက်ဆိုင်ရာ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့်အတူ ရေဘေးတုံပြန်ရေးဆိုင်ရာလုပ်ငန်းများကို ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ရေးဘေး ရင်ဆိုင်နေရသည့် မြို့နယ်များမှ ပြည်သူများအနေဖြင့်လည်း လက်ရှိတွင် ဖြစ်ပွားနေသော ရေကြီးခြင်း၊ မြေ/ကမ်းပြိုခြင်းနှင့် အဆိပ်ရှိ သတ္တဝါများ၏ အန္တရာယ်များကို အထူးသတိပြုနေထိုင်ကြရန်နှင့် ရေဘေး အန္တရာယ်ထိခိုက်မှုကို လျော့ချနိုင်ရန် အတွက် သက်ဆိုင်ရာအသိပေးထုတ်ပြန်ချက်များကို လိုက်နာကြရန် တိုက်တွန်းထားသည်။


