AB News – ဇူလိုင် ၈၊ ၂၀၂၆
ရက္ခိုင်တွင် ယနေ့ ဇူလိုင်လ ၈ ရက်နေ့မှ စ၍ နောက် ၃ ရက်ဆက်တိုက် အလွန်အမင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း MMWeather ၏ ဖော်ပြချက်အရ သိရသည်။
MMWeather၏ ဖော်ပြချက်တွင် ပြည်နယ်နှင့် တိုင်းဒေသများအလိုက် ၃ ရက်တွင်း မိုးရေချိန်ခန့်မှန်းချက်အရ အလွန်အမင်း မိုးသည်းထန်စွာရွာသွန်းနိုင်သည့် ဒေသများမှာ ရက္ခိုင်ပြည်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း(အထက်ပိုင်း) တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါဒေသများတွင် ယနေ့ ဇူလိုင်လ ၈ ရက်နေ့၊ ည ၁၀ နာရီခန့်အချိန်မှ စတင်၍ လာမည့် ဇူလိုင်လ ၁၁ ရက်နေ့၊ ည ၁၀ နာရီ အထိ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အထူးသဖြင့် ရက္ခိုင်ပြည်ရှိ မောင်တော၊ စစ်တွေ၊ ကျောက်တော်နှင့် အနီးတဝိုက်ဒေသများ၌ ၃ ရက်အတွင်း မိုး အလွန်သည်းထန်စွာ ဆက်တိုက်ရွာသွန်းနိုင်ကြောင်း ဆိုထားသည်။
အလားတူ ချင်းပြည်နယ်၌လည်း ရက္ခိုင်နှင့် ဆက်စပ်လျှက်ရှိနေသော ဒေသများတွင် ရက်ဆက် မိုးကြီးနိုင်ကြောင်း သိရသည်။
ယင်းအပြင် ဇူလိုင် ၈ ရက်နေ့မှ ၁၁ ရက်နေ့အတွင်း ရက္ခိုင်ပြည် မြောက်ပိုင်းနှင့် ချင်းပြည်ရှိ မြို့နယ်များတွင် လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် ချောင်းရေလျှံခြင်းများ ဖြစ်ပေါ်နိုင်ခြေ အလွန်မြင့်မားကြောင်း သိရသည်။
လက်ရှိ ရက္ခိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်ရှိ ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။
အထူးဖြင့် ရက္ခိုင်ကမ်းရိုးတန်းနှင့် မုတ္တမကွေ့ တွင် မိုးသက်လေပြင်းကျရောက်နိုင်ပြီး လှိုင်းအမြင့် သိသိသာသာမြင့်တက်နိုင်သဖြင့် ရေကြောင်းခရီးသွားလာမှုများကို ကြိုတင်သတိပြု သွားလာကြရန် နှိုးဆော်ထားသည်။


