သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ် အခြေစိုက် ARSA အဖွဲ့၏ မြေမြှုပ်မိုင်းကြောင့် ဂျူမ္မာတိုင်းရင်းသား ၃ ဦး သေဆုံး၊ ဘင်္ဂလားနိုင်ငံသားများ ထိခိုက်မှု ပိုများလာ



AB News – မေ ၂၇၊ ၂၀၂၆
 
မြန်မာနယ်စပ်အနီးရှိ ဘန်ဒရာဘန်ခရိုင်၊ နတ်ချောင်းဆရီမြို့နယ်၊ ဂျုမ်ဒုမ်ယူနီယံရှိ ဘာလူကီးယာပါရာကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် ARSA အဖွဲ့ ထောင်ထားခဲ့သည်ဟု ယူဆရသော မြေမြှုပ်မိုင်းများ ပေါက်ကွဲ၍ ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့တွင် ဂျူမ္မာတိုင်းရင်းသား ရွာသား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
 
သေဆုံးခဲ့သူများမှာ ဘာလူကီးယာပါရာရွာမှ အသက် ၄၄ နှစ်အရွယ် Chingkhong Chakma၊ အသက် ၄၇ နှစ်အရွယ် Chopoching Chakma နှင့် အသက် ၄၅ နှစ်အရွယ် Aunkyamong Tangchangya တို့ဖြစ်ကြောင်း သိရသည်။  
 
အဆိုပါ ၃ ဦးမှာ ငှက်ပျောစိုက်ခင်းသို့ သွားချိန်တွင် ၎င်းတို့ထဲမှ တစ်ဦးက မြေမြှုပ်မိုင်းကို နင်းမိခဲ့ပြီး ကျန်နှစ်ဦးမှာ ၎င်းအား ကူညီရန် ကြိုးစားစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။
 
ဤဖြစ်စဉ်ကြောင့် ဒေသခံများ၏ မကျေနပ်မှုများ ပိုမိုပြင်းထန်လာခဲ့ပြီး ARSA အဖွဲ့ ၏ လက်နက်ကိုင် လှုပ်ရှားမှုများသည် စစ်တကောင်းတောင်တန်းဒေသနှင့် နယ်စပ်ဒေသများရှိ ဂျူမ္မာ တိုင်းရင်းသားများအပါအဝင် ဘင်္ဂလားဒေ့ရှ် ဒေသခံ လူမှုအသိုင်းအဝိုင်းများ၏ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်နေကြောင်း ထင်ရှားစေခဲ့သည်။
 
ARSA အဖွဲ့ သည်  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်အတွင်းရှိ မူဆလင်ဒုက္ခသည်စခန်းများဝန်းကျင်တွင် အရေးပါသော အခြေစိုက်လှုပ်ရှားမှု နယ်မြေတစ်ခု တိုးချဲ့တည်ဆောက်ထားကြောင်း သိရသည်။
 
အကြမ်းဖက်မှုများ ကျူးလွန်နေသည့် ARSA အဖွဲ့သည် ၎င်းက ကိုယ်စားပြုသည်ဟုဆိုသော မူဆလင်ဒုက္ခသည်များသာမက ဘင်္ဂလားဒေ့ရှ်ပြည်သူများကိုပါ ထိခိုက်စေသည့် လှုပ်ရှားမှုများနှင့် ဆက်စပ်နေကြောင်း သိရသည်။
 
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဆိုင်ရာ ရာဇဝတ်မှုများအတွက် တာဝန်ရှိသူအားလုံးအပေါ် တရားမျှတမှု ရရှိရန် Fortify Rights အဖွဲ့က ARSA ခေါင်းဆောင် အာတာအူလ္လာအား ဖမ်းဝရမ်းထုတ်ပေးရန် ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင် နိုင်ငံတကာရာဇဝတ်တရားရုံး(ICC) ကို တောင်းဆိုထားသည်။
 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ