
AB News – မေ ၂၀၊ ၂၀၂၆
ရက္ခိုင်ပြည်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက် မူဆလင်လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၆၂ ဦး သေဆုံးခဲ့ပြီး၊ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကာ အရပ်သား ၃၀ ဦးခန့် ပျောက်ဆုံးနေကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းရေးရုံး(HDCO) ၏ စစ်တမ်းအရ သိရသည်။
အစွန်းရောက် အစ္စလာမ်မစ် မူဆလင်လက်နက်ကိုင်များ၏ အကြမ်းဖက်ခံရမှုထဲတွင် ရက္ခိုင်ဒေသခံ ၁၃၇ ဦး၊ မူဆလင် ၃၅ ဦး၊ ဟိန္ဒူ ၃၄ ဦး၊ ခမီ ၁၃ ဦး၊ မြို ၆ ဦးနှင့် ဒိုင်းနက် ၄ ဦး ပါဝင်ကြောင်း သိရသည်။
မူဆလင်လက်နက်ကိုင်များက အရပ်သားပြည်သူများအား လုပ်ကြံသတ်ဖြတ်ရာတွင် အရှင်လတ်တ် မီးရှို့သတ်ဖြတ်ခံရသူ ၁၁ ဦး၊ နေအိမ်တွင် ပစ်သတ်ခံရသူ ၉ ဦး၊ ရပ်ရွာတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ ၉ ဦး၊ တစ်နေရာရာသို့ သွားရောက်ရာလမ်းတွင် ဖြတ်တိုက်ခံရပြီး သတ်ဖြတ်ခံရသူ ၃ ဦး၊ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၃၉ ဦး၊ ခရီးသွားလာစဥ် သတ်ဖြတ်ခံရသူ ၃၂ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်နေစဥ် ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၂ ဦးနှင့် အထောက်အထား မှတ်တမ်းမတင်နိုင်သေးသူ ၄၃ ဦး အထိရှိကြောင်း HDCO ၏ စစ်တမ်းတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။
ရက္ခိုင်လူမျိုးများသည် ထိခိုက်ခံစားရသူများထဲတွင် ရာခိုင်နှုန်းအမြှင့်ဆုံးတွင် ရှိနေသော်လည်း ထိုသို့ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုများသည် တခြားသော လူနည်းစုမျိုးနွယ်စုဝင်များအပေါ်တွင်လည်း သက်ရောက်မှုရှိနေကြောင်း ကိန်းဂဏန်းများအရ ညွှန်ပြနေသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က “မူဆလင် သီးသန့်ဇုန်” တည်ထောင်ရန် ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ဒေသရှိ ဟိန္ဒူဘာသာဝင် ရွာသားများကို အစ္စလာမ်မစ် အစွန်းရောက် ARSA အဖွဲ့မှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ မှတ်တမ်းများအရ သိရသည်။
ထို့ပြင် ဟိန္ဒူအမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင်သွားဟာ အစ္စလာမ်ဘာသာသို့ အတင်းအဓမ္မ ကူးပြောင်းစေခဲ့ပြီး အစွန်းရောက် အစ္စလာမ်မစ်လက်နက်ကိုင်များနှင့် ဖိအားပေးကာ လက်ထပ်စေခိုင်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။