သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆမီးမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ယာယီဈေးဆိုင်တချို့ ပျက်စီး

AB News- ​မေ ၂၀၊ ၂၀၂၆

ပလက်ဝမြို့နယ်၊ ဆမီးမြို့တွင် ယမန်နေ့ မေ ၁၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် လေပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့မှုကြောင့် မြို့ပေါ်ရှိ ယာယီဈေးဆိုင်တဲတချို့ အမိုးလန်ပျက်စီးခဲ့ပြီး သစ်ကိုင်းများကျိုးကျကာ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ မေလ ၁၉ ရက်၊ မွန်းလွဲ ၂ နာရီ၊ ၄၀ မိနစ်မှ စတင်ကာ ၃ နာရီ၊ ၁၀ မိနစ်ခန့်အထိ နာရီဝက်နီးပါးကြာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များရှိ ယာယီဈေးတဲတချို့ ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

​”မနေ့က ညနေပိုင်းအချိန်မှာ လေ တော်တော်ကြမ်းတယ်။ မိနစ် ၃၀ လောက် တရစပ် တိုက်တာ။ မြို့ပေါ်က ယာယီဆောက်ထားတဲ့ ဈေးဆိုင်တချို့ အမိုးတွေ လန်ကုန်တယ်။ သစ်ပင်ကိုင်းတွေ ကျိုးကျတာလည်း ရှိတယ်” ဟု ဆမီးမြို့ခံတစ်ဦးက AB News သို့ ပြောသည်။

​အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်တွင် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သော်လည်း ဆမီးမြို့နယ်အတွင်းရှိ အခြားကျေးရွာများတွင် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိ/မရှိ အခြေအနေ အသေးစိတ်ကိုမူ လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးပေ။

​ဖုန်းလိုင်းနှင့် ဆက်သွယ်ရေး အခက်အခဲများကြောင့် ကျေးရွာများဘက်မှ အခြေအနေကို လတ်တလောတွင် အသေးစိတ် မသိရသေးဘဲ ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

​ပလက်ဝမြို့နယ်အတွင်းရှိ ဆမီးဒေသသည် ကုန်းမြင့်ဆန်ပြီး ရာသီဥတုအကူးအပြောင်းကာလများတွင် မိုးသက်လေပြင်းနှင့် မုန်တိုင်းဒဏ်ကို မကြာခဏ ရင်ဆိုင်ရလေ့ရှိသည့် ဒေသတစ်ခု ဖြစ်သည်။

ရုပ်သံ – CJ (ပေးပို့)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ