သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်အပါအဝင် နိုင်ငံတဝန်းရှိ လူသားချင်းစာနာမှု လိုအပ်ချက်များ မြင့်တက်နေမှုအပေါ် EU နှင့် WFP မှ ယူရို ၈ သန်းဖြင့် အရေးပေါ်ကူညီ


AB News – မေ ၁၈၊ ၂၀၂၆

ရက္ခိုင်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ပဋိပက္ခများနှင့် နေရပ်စွန့်ခွာရမှုများကြောင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေမှုကြောင့် ဥရောပသမဂ္ဂ (EU) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့က အရေးပေါ်လိုအပ်နေသော စားနပ်ရိက္ခာနှင့် အာဟာရအထောက်အပံ့များ ပေးအပ်နိုင်ရန် ယူရို ၈ သန်း ကူညီလိုက်ကြောင်း ယနေ့တွင် ပူးတွဲကြေညာလိုက်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ဦးရေ ၃ ဒဿမ ၇ သန်း ထိ ရှိလာပြီး စုစုပေါင်းလူဦးရေ၏ ၄ ဦးတွင် ၁ ဦးနှုန်း ( ၁၂ ဒဿမ ၄ သန်း) မှာ လတ်တလော ဆာလောင်မွတ်သိပ်မှုဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေရသည်။

ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ပျမ်းမျှ ၁၈% ထိ မြင့်တက်နေသော်လည်း ရက္ခိုင်ပြည်အပါအဝင် အချို့ဒေသများတွင် ပိုမိုဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရ​ကြရသည်။

အခြေခံကုန်စျေးနှုန်းမြင့်မားမှုမှာ မကွေးတိုင်းဒေသကြီးတွင် ၃၈%၊ ကရင်ပြည်နယ်တွင် ၃၂%နှင့် ရက္ခိုင်ပြည်တွင် ၃၁% အထိ အသီးသီး မြင့်တက်လျက်ရှိနေကြောင်း ထုတ်ပြန်ချက်အရသိရသည်။ 

ဥရောပသမဂ္ဂ (EU) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့၏ ယူရို ၈ သန်း  ထောက်ပံ့မှုမှာ ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေးအခက်အခဲနှင့် ပိုဆိုးရွားလာသည့် စားနပ်ရိက္ခာအကျပ်အတည်းကြောင့် ထိခိုက်ခံစားနေရသည့် မိသားစုများထံသို့ အရေးပေါ်ရိက္ခာများ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အာဟာရချို့တဲ့မှုဒဏ် ခံရနိုင်ခြေရှိသည့် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် အထူးအာဟာရ အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်သည်။

ထို့အ​​ပြင် မြေပြင်တွင်လည်း စားနပ်ရိက္ခာဖူလုံရေး ကူညီကယ်ဆယ်မှုများ ပိုမိုထိရောက်ပြီး အချိန်မီရောက်ရှိနိုင်ရန် လူသားချင်းစာနာမှုအဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းမှုများကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။
 
ဥရောပသမဂ္ဂ (EU) နှင့် WFP တို့သည် ရက္ခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှု ကင်းဝေးစေရေးနှင့် အသက်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်နိုင်ရန်အတွက် ခိုင်မာသော မိတ်ဖက်များအဖြစ် ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ