သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မ ၂ ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံရ၊ တရားခံ ထွက်ပြေးနေ


 
AB News – မေ ၁၆၊ ၂၀၂၆
 
ကျောက်တော်မြို့နယ်၊ သရက်တပင်အုပ်စုတွင် အသက်မပြည့်သေးသည့် ညီအစ်မ ၂ ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
 
အဆိုပါ ညီအစ်မ ၂ ဦးသည် မိဘများနှင့်အတူ ရင်းချောင်းဒေသ၌ ယာခင်းအငှားစောင့်အဖြစ် သွားရောက်လုပ်ကိုင်နေစဥ် ယာခင်းပိုင်ရှင်မှ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ကျူးလွန်ခံရသူ မိဘများက ဆိုကြသည်။
 
အစ်မ ဖြစ်သူ အသက် (၁၄) နှစ်အရွယ်နှင့် ညီမဖြစ်သူ (၈) နှစ်အရွယ် ၂ ယောက်လုံးကို ယာပိုင်ရှင်ဖြစ်သူ အသက် (၄၀) ကျော်အရွယ် မောင်အေးလှ ဆိုသူက ခြိမ်းခြောက်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြောင်း သိရသည်။
 
ဖြစ်စဥ်မှာ ဧပြီလ ဒုတိယပတ်တွင် ကျူးလွန်သူ ယာပိုင်ရှင်နှင့်အတူ အစ်မဖြစ်သူမှာ ရွာသို့ လိုက်ပါသွားခဲ့ရာမှ အပြန်လမ်းတွင် မုဒိန်းမှုကျူးလွန်ခံခဲ့ရခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူမှ ပြောသည်။
 
“အလုပ်ရှင်ဆိုတော့ ယုံကြည်လို့ လွှတ်လိုက်တာပါ၊ ရွာက ဒီကိုပြန်လာတဲ့လမ်းမှာ ကလေးကို ပြုကျင့်သွားတာပါ၊ ရွာနဲ့ ဒီရင်းချောင်းက နေ့တစ်ဝတ်လောက်နဲ့ ရောက်ပါတယ်။ အဲ့ခရီးကို လမ်းမှာ ညအိပ်လို့ရအောင် ကလေးကို လမ်းမှားခေါ်သွားပြီး ညအချိန် အဓမ္မပြုကျင့်ခဲ့တာ” ဟု မိခင်ဖြစ်သူမှ Arakan Bay News သို့ ပြောသည်။
 
ထို့ပြင် ကျူးလွန်သူမှာ ကျူးလွန်ခံရသူ အစ်မဖြစ်သူအား မိဘများကို ပြန်မပြောရန် ခြိမ်းခြောက်ကာ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။
 
“ပြန်ပြောရင် နင်ရောငါရော အရှက်ကွဲမယ်၊ ပြီးတော့ နင့်တို့ စကားကိုလည်း ဘယ်သူမှ ယုံမှာလည်း မဟုတ်ဘူး “ဟု ခြိမ်းခြောက်ခဲ့သည်။
 
အလားတူ အသက် (၈) နှစ်အရွယ် ညီမ ဖြစ်သူကိုလည်း အဆိုပါ ကျူးလွန်သူမှ မိဘများ အလုပ်သွားစဥ် အာသာဖြေခိုင်းခဲ့ကြောင်း မိခင်ဖြစ်သူက ဆိုသည်။
 
“အငယ်မ ကိုလည်း ကျမတို့ အလုပ်သွားလုပ်စဥ် ယာတဲမှာ ကျန်ခဲ့တဲ့အချိန်ဆို မုန့်တွေ၊ အချိုရည်ဗူးတွေ ဝယ်ပေးမယ်ဆိုပြီး တဲထဲကိုခေါပြီး အာသာဖြေခိုင်းခဲ့တယ်လို့ အငယ်မကပြောတယ်။ ကျမတို့လည်း အကြီးမရော၊ အငယ်မပါ အခုလို ကျူးလွန်ခံနေရတာကို အဲ့တော့မှ သိတယ်” ဟု မိခင်ဖြစ်သူက ဆက်လက်ပြောဆိုသည်။
 
အဆိုပါကျူးလွန်သူအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ DLEPS ထံတွင် အမှူဖွင့်ထားကြောင်းနှင့် လက်ရှိအချိန်တွင် ကျူးလွန်သူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း အမှုကို ကူညီလိုက်ပါဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။
 
“အမှုက ဖြစ်ခဲ့တာ ကြာနေပြီ၊ မိဘတွေကို ကျမမေးဖြစ်တော့ ရွာက အုပ်ချုပ်ရေးမှူးကို တိုင်ထားတယ်လို့သာ ပြောတယ်။ ဘာမှ မထူးလာဘူး။ အဲ့တော့မှ ကျမတို့က DELPS ဆီကို ကျမတို့သွားတိုင်တာ။ ကျူးလွန်ခံရတာ ၁ လ ကျော်လောက်ကြာမှ DELPS ထံမှာ အမှုဖွင့်တာ၊ ဆေးစစ်တာတွေ လုပ်ရတာပါ။ အခုလည်း တရားခံ ထွက်ပြေးတိမ်းရှောင်နေတယ်” ဟု ဆိုသည်။
 
ထို့ပြင် ကျူးလွန်သူ မိသားစုမှ ကျူးလွန်ခံရသူမိဘများအား အလုပ်မှ ထုတ်လိုက်ပြီး အမှုကို ကျေအေးပေးရန်အတွက် လူစားလာရောက် ညှိုနှိုင်ခြင်းမှုများကို ပြုလုပ်ခဲ့ကြောင်း အမှုကို ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
 
“ကလေးမကို ရွှေနားကပ် တစ်ရံ၊ လက်စွပ်တစ်ကွင်း၊ ငွေသား သိန်း ၃၀ ပေးမယ်၊ ကွာရှင်းပြီး ကလေးမနဲ့ ပေါင်းသင်းပေးမယ်ဆိုပြီး ကျူးလွန်သူရဲ့ ဇနီး ပြောခိုင်းလို့ လာပြောတဲ့သူ ရှိပါတယ်” ဟု ဆိုသည်။
 
ယင်းအပြင် ကျူးလွန်ခံရသူနှင့် ၎င်းတို့ မိသားစုမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု စိတ်သောကများ၊ စိတ်ဒဏ်ရာများအပြင် အလုပ်မှ ထုတ်ပယ်ခံလိုက်ရခြင်းကြောင့် လက်ရှိမှာ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။
 
ကျူးလွန်သူအား အမြန်ဆုံးဖမ်းဆီးနိုင်ရန်နှင့် အရေးယူမှုများကို ထိထိရောက်ရောက်လုပ်ဆောင်ပေးရန် လူမှုရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက Arakan Bay News သို့ ပြောသည်။
 
“ကျူးလွန်သူကို အမြန်ဆုံးဖမ်းမိပြီး ထိရောက်တဲ့ အပြစ်ဒဏ်ကို ခံယူစေချင်ပါတယ်။ ခုခတ်က ဆိုရှယ်မီဒီယာခေတ်ဆိုတော့ တခြား ဝ ဒေသ၊ ကိုးကန့် ဒေ သတွေမှာလိုမျိုး ကျူးလွန်သူတွေကို ပွင့်လင်းမြင်သာစွာ အပြစ်ပေးသလိုမျိုး ဖြစ်စေချင်တယ်။ ဒါမှ ကျူးလွန်သူတွေက နောက်ထပ်ကျူးလွန်ရဲကြတော့မှာ မဟုတ်ဘူး။ အခုက မုဒိန်းမှုတွေ အရမ်းများလာတဲ့အတွက် လေကြောင်းရန်အပြင် တစ်ဖက်မှာလည်း အခုလိုမျိုးဖြစ်စဥ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို ခံစားနေရပါတယ်” ဟု ပြောသည်။
 
၂၀၂၆ ခုနှစ် ၁ လပိုင်းမှစ၍ ၅ လအတွင်း ရက္ခိုင်တွင် မုဒိန်းမှု ၇ မှုအထိ ဖြစ်ပွားခဲ့ကြောင်း Arakan Bay News ၏ စစ်တမ်းများအရ သိရသည်။
 
တစ်ဖက်တွင်လည်း အာရက္ခပြည်သူ တော်လှန်ရေးအစိုးရမှ ဦးဆောင်၍ သက်ငယ်မုဒိန်းမှုများ ကာကွယ်တားဆီးရေးအတွက် အသိပညာပေး ဟောပြောပွဲများကို ကျေးရွာများအထိ ဆင်း၍ ဟောပြောအသိပညာပေးမှုများကို အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိနေသည်ကို တွေ့ရှိရသည်။
 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ