သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းတွင် မိုးသက်လေပြင်းကြောင့် နေအိမ်ပြိုကျပျက်စီးသွားသည့် မျက်မမြင်အဘိုးအိုတစ်ဦး အရေးပေါ်အကူအညီ လိုအပ်နေ



AB News – မေ ၁၂၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီကုန်းကျေးရွာတွင် နေထိုင်သည့် အသက် ၆၉ နှစ်အရွယ် မျက်မမြင်အဘိုးအို ဦးအောင်ကျော်ခိုင်မှာ ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က တိုက်ခိုက်ခဲ့သော မိုးသက်လေပြင်းကြောင့် နေအိမ်ပြိုကျပျက်စီးသွားခဲ့ပြီး လက်ရှိတွင် စားဝတ်နေရေးနှင့် နေထိုင်ရေးအတွက် အလွန် အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။


အဆိုပါ အဘိုးအိုမှာ တစ်ကိုယ်တည်းနေထိုင်သူဖြစ်ပြီး အားကိုးရာဖြစ်သော အသက် ၂၀ ကျော်အရွယ် သားဖြစ်သူ သေဆုံးသွားခဲ့ပြီးနောက်ပိုင်း ပြုစုစောင့်ရှောက်မည့်သူ မရှိတော့ဘဲ ဖြစ်နေရသူဖြစ်သည်။

လက်ရှိတွင် ဆင်းရဲနွမ်းပါးသော ညီမဖြစ်သူ၏အိမ်၌ ခိုလှုံနေရသော်လည်း ထိုအိမ်မှာလည်း အပေါက်အပြဲများလွန်းသဖြင့် အဘိုးအိုမှာ အိမ်အောက်တွင်သာ ဆင်းရဲပင်ပန်းစွာ နေထိုင်နေရပါသည်။

အဘိုးအိုနှင့်အတူ နေထိုင်နေသည့် အသက် ၁၃ နှစ်အရွယ် တဝမ်းကွဲမြေးဖြစ်သူမှာလည်း အဘွားဖြစ်သူနှင့် စကားများကြသောကြောင့် ဘုန်းကြီးကျောင်းသို့ သွားရောက်နေထိုင်နေသည့်အတွက် အဘိုးအိုမှာ တစ်ဦးတည်း ကျန်ရစ်ခဲ့သည်။

၎င်းက “မြေးက အိမ်ကထွက်သွားပြီးနောက်မှာ ထမင်း ၃ ထပ် (၃ နပ်) ငတ်ခဲ့တယ်။ ဒီနေ့တော့ မြေးလာပို့လို့ စားရတယ်။ ရေမချိုးရတာလည်း ၇ ရက်လောက် ရှိပြီ။”ဟု ဦးအောင်ကျော်ခိုင် က ဖွင့်ဟပြောဆိုခဲ့သည်။

ထို့အပြင် နွေရာသီ ရေရှားပါးမှုဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပြီး မျက်မမြင်ဖြစ်သည့်အတွက် ရေရရှိရန် ငွေပေး၍ ခပ်ခိုင်းသော်လည်း ကူညီမည့်သူမရှိသောကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

“ငွေတစ်ထောင်ပေးမယ်၊ ငါ့ကို ရေ ၃ ဗူးလောက် ခပ်ပေးပါလို့ အကူညီ‌တောင်းပေမယ့် ကူညီမယ့်သူ မရှိပါဘူး” ဟု အဘိုးအိုက ဆိုသည်။

လက်ရှိတွင် မိုးဦးရာသီသို့ ရောက်ရှိနေပြီဖြစ်၍ အဘိုးအိုဖြစ်သူအတွက် နေအိမ်ပြန်လည်တည်ဆောက်ရန် ငွေကြေးနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ နေ့စဉ် စားနပ်ရိက္ခာ၊ သန့်ရှင်းသော သောက်သုံးရေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်မှုများကို လိုအပ်နေသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ