သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူ၊ တောင်မော်ဦးရေတပ်မှ စကမစစ်ကြောင်းများ အဝတောင်ရွာကို ကျော်၍ စနဲမြို့ကို ဦးတည်နေသောကြောင့် ‌ဒေသခံများ စိုးရိမ်နေ


 
AB News – မေ ၁၂၊ ၂၀၂၆
စကြာ
 
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်မှ စစ်ကော်မရှင်တပ် စစ်ကြောင်းများသည် အဝတောင်ရွာကို ကျော်၍ မျှောချောင်းရွာအနီးဝန်းကျင်ကို စစ်ကြောင်းထိုးမှုများ ရှိနေကြောင်း ဒေသခံများက ဆိုကြသည်။
 
“တောင်မော်ဦးရေတပ်က စကမ စစ်ကြောင်းတွေ အဝတောင်ရွာကို ကျော်ပြီး မျှောချောင်းရွာအနီးကို စစ်ကြောင်းထိုးတာတွေ ရှိတယ်။ ဒါကြောင့် အာရက္ခတပ်တော်နဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်။ လက်နက်ကြီး ပစ်ခတ်သံတွေ ခပ်စိပ်စိပ် ကြားနေရတယ်” ဟု ဆိုသည်။
 
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့မှ စ၍ တောင်မော်ဦးရေတပ်အနီးပတ်ဝန်းကျင်တွင် အာရက္ခတပ်တော်နှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
 
တောင်မော်ဦးရေတပ်စခန်းမှ စစ်ကြောင်းများသည် အဝတောင်ရွာကို ကျော်ပြီး မျှောချောင်းရွာနှင့် စံပယ်ချောင်းရွာအနီးကို ထိုးစစ်ဆင်လာစဉ် အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း စနဲမြို့ခံတစ်ဦးက AB News သို့ ပြောသည်။
 
“ရေတပ်စခန်းအနီးမှာလည်း တိုက်ပွဲဖြစ်ပွားတာတွေ ရှိတယ်။ တိုက်ပွဲဧရိယာက ကျယ်လာတယ်။ သူတို့(စကမ)စစ်ကြောင်းတွေက စံပယ်ချောင်းအနီးကို ရောက်တာရှိတယ်လို့ သိရတယ်။ တပ်တော်ကလည်း ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သိရတယ်။ ပြည်သူတွေကတော့ စနဲမြို့ဘက်ကို စကမ စစ်ကြောင်းတွေ ကျော်လာမှာကို စိုးရိမ်နေကြတယ်” ဟု ဆိုသည်။
 
ကျောက်ဖြူမြို့နယ်၊ စံပယ်ချောင်းရွာအနီးတွင် ထိုးစစ်ဆင်လာသော စစ်ကော်မရှင်တပ်အား အာရက္ခတပ်တော်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၁၀၀ ကျော်ခန့် သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုကြသည်။
 
တောင်မော်ဦးရေတပ်အနီးရှိ အဝတောင်ရွာနှင့်‌ ဒွေးချရွာမှ ဒေသခံများမှာ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားသည့်အချိန်မှ စ၍ စစ်ကော်မရှင်တပ်၏ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် ဖမ်းဆီး၊ နှိပ်စက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ဆိုကြသည်။
 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ