သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်နေသည့် ဖဒူကြီးကျေးရွာတံတား အမြန်ဆုံးပြီးစီးရန် အလှူရှင်များ လိုအပ်နေ

AB News – မေ ၁၂၊ ၂၀၂၆

​ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ဖဒူကြီးကျေးရွာတွင် ရွာသူ/ကျေးရွာသားများ၏ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ဆောက်နေသော တံတားမှာ လက်ရှိတွင် ဘဏ္ဍာရေးအခက်အခဲကြောင့် အပြီးသတ်ရန် အလှူငွေများ လိုအပ်နေကြောင်း သိရသည်။

​အဆိုပါတံတားသည် အလျား (၈၀) ပေ၊ အနံ (၁၀) ပေရှိပြီး အမြင့် (၁၀) ပေရှိကာ မြေအောက်အနက် (၆) ပေခွဲအထိ အခိုင်အမာအခြေပြု တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံများ၏ လိုအပ်ချက်အရ  ၂၀၂၀ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ (၆) နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည်။

တံတားတည်ဆောက်ရေးအတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ်သိန်း (၆၀၀) မှ (၈၀၀) ကြား ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

လက်ရှိအချိန်အထိ ကျပ်သိန်း (၃၀၀) ခန့် အသုံးပြုကာ တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်ထားပြီး ဖြစ်သော်လည်း လုပ်ငန်းတစ်ခုလုံး ပြီးစီးရန်အတွက် ရုန်းကန်နေရဆဲဖြစ်သည်။

ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်အားနှင့် ငွေအား စုပေါင်းအားထုတ်နေကြသော်လည်း ကုန်ကျစရိတ် မြင့်မားလာမှုကြောင့် တံတားအမြန်ဆုံး ပြီးမြောက်နိုင်ရေးအတွက် ပြည်ပရောက် ရပ်သူရွာသားများနှင့် စေတနာရှင် အလှူရှင်များ၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုမှာ အလွန်အရေးကြီးနေကြောင်း တံတား ဖြစ်မြောက်ရေး တာဝန်ခံတစ်ဦးဖြစ်သည့် ကိုမောင်စိုးအောင် က ဆိုသည်။

“ကျွန်တော်တို့ ရွာသားတွေ စုပေါင်းပြီး ၂၀၂၁ ခုနှစ် ကတည်းက ကြိုးစားလာတာ အခုဆို သိန်း ၃၀၀ ကျော်သွားပြီ။ ဒါပေမဲ့ တံတားက ပြီးဖို့ အများကြီး လိုသေးတယ်။ ကုန်ကျစရိတ်တွေကလည်း အရင်ကထက် အများကြီး တက်သွားတော့ ပြည်ပရောက်နေတဲ့ မိဘပြည်သူတွေနဲ့ အလှူရှင်တွေရဲ့ လက်ကမ်းကူညီမှုကို တောင်းခံရတာပါ” ဟု ဆိုသည်။

“ကျွန်တော်တို့ ရွာသားတွေ ကိုယ်ထူကိုယ်ထ ကြိုးစားနေကြတာဖြစ်ပါတယ်။ တံတားအတွက် အလှူ​ငွေလည်း အများကြီး လိုအပ်နေပါတယ်။ ရွာက ကျောင်းသားလေးတွေ အလယ်တန်းက​နေ အထက်တန်းအထိကို ဒီချောင်းကြီးကိုဖြတ်ပြီးတော့ ကျောင်းတက်ရပါတယ်။ မိုးကြီးပြီး ချောင်းရေတက်တော့ ကျောင်းမတက်ရပါဘူး။ အုပ်စုဆေးရုံဆိုလည်း ဒီချောင်းကိုဖြတ်ပြီးမှ သွားရပါတယ်။ တစ်ရွာလုံးအတွက် ထွက်ပေါက်က ဒီတံတား တစ်ခုတည်း ရှိတာပါ”ဟု ဖဒူကြီးကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

​​အဆိုပါတံတား ပြီးစီးသွားပါက ဖဒူကြီးကျေးရွာနှင့် အနီးအနားရှိ ကျေးရွာများအတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကိစ္စရပ်များတွင် များစွာအထောက်အကူပြုမည် ဖြစ်သောကြောင့် တတ်နိုင်သရွှေ့ ဝိုင်းဝန်းပါဝင် လှူဒါန်းကြရန် ဖဒူကြီးရွာသူ/သားများက တိုက်တွန်းနှိုးဆော်ထားသည်။



ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ