
AB News – မေ ၁၊ ၂၀၂၆
အာရက္ခပြည်၏ မျိုးနွယ်စုဝင်များထဲတွင် ယနေ့အချိန်ထိ “သက်” လူဦးရေ အလွန်လျော့နည်းလာခြင်းမှာ အာရက္ခပြည်မျိုးနွယ်စုဝင်များအပြင် သက်လူမျိုးများအနေဖြင့် သတိပြုရမည့်အချက်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ က ယနေ့ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် ၄ ကြိမ်မြောက် သက်အမျိုးသားနေ့အား ဂုဏ်ပြုပေးပို့သည့် သဝဏ်လွှာတွင် ထောက်ပြပြောဆိုထားသည်။
အဆိုပါသဝဏ်လွှာတွင် ယနေ့ မတ်လ ၁ ရက်နေ့တွင် ကျရောက်သော ”သက်အမျိုးသားနေ့” သည် အာရက္ခပြည်မျိုးနွယ်စုဝင်ပြည်သူများအတွက် အထွက်အမြတ်ထားအပ်သော နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ကြောင်း ဆိုထားသည်။
ထို့ပြင် သက်အမျိုးသားများသည် ရှေးယခင်ကတည်းက နေထိုင်ခဲ့ကြသည့် မျိုးနွယ်စုတစ်ခုဖြစ်ပြီး တိုင်းပြည်တိုးတက်ရေးအတွက် အခြားမျိုးနွယ်စုများနှင့်အတူ အတူတကွ လုပ်ဆောင်ခဲ့ကြသော လူမျိုးများဖြစ်ကြောင်း ဖော်ပြထားသည်။
အလားတူ အာရက္ခပြည်၌ နေထိုင်လာခဲ့ကြသော မျိုးနွယ်စုဝင်ဘိုးဘေးများ သည်လည်း ၎င်းတို့၏ စာပေ၊ ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် စိန်ခေါ်မှုအခက်အခဲများကို အတူတကွ လက်တွဲကျော်လွှားကြရန်နှင့် နောက်မျိုးဆက်သစ်များတိုင်အောင် လက်ဆင့်ကမ်းပေးနိုင်ရန်မှာ သက်လူမျိူးများအပါဝင် အာရက္ခပြည်သူတစ်ရပ်လုံး၏တာဝန်ဖြစ်သည်ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ မှ ခံယူထားကြောင်း သဝဏ်လွှာတွင် ပါရှိသည်။