သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
“အလုပ်သမား၊ လယ်သမားထု မလွတ်မြောက်သရွေ့ လူထုတရပ်လုံး မလွတ်မြောက်နိုင်” – ၁၃၆ နှစ်မြောက် မေဒေးနေ့တွင် အခြေခံလူတန်းစားများ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြ

AB News – မေ ၁၊ ၂၀၂၆

ယနေ့ မေလ ၁ ရက်နေ့တွင် ကျရောက်သော “အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့” (International Workers’ Day) တွင် မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာတစ်ဝှမ်းရှိ အခြေခံအလုပ်သမားနှင့် လယ်သမားထုသည် လူ့အသိုင်းအဝိုင်း၏ အခရာဖြစ်သော်လည်း ယနေ့တိုင် ဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများက ထောက်ပြပြောဆိုလိုက်ကြသည်။

စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍ အသီးသီးတွင် နိုင်ငံ၏ စီးပွားရေးဘီးကို လည်ပတ်ပေးနေသူများမှာ အလုပ်သမားနှင့် လယ်သမားများ ဖြစ်ကြသည်။

သို့သော်လည်း လက်တွေ့တွင်မူ ၎င်းတို့သည် မတရားသော ခေါင်းပုံဖြတ်မှုများနှင့် ရင်ဆိုင်နေရခြင်း၊ အခြေခံရှင်သန်ခွင့်အတွက် လုံလောက်သော လုပ်ခလစာ မရရှိခြင်း၊ လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံမှုနှင့် လူမှုတရားမျှတမှု ကင်းမဲ့ခြင်း စသည့် အခွင့်အရေး ချိုးဖောက်မှုများကို ကမ္ဘာ့နေရာအနှံ့အပြားတွင် ကြုံတွေ့နေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်နှင့် လက်ရှိဖြစ်ပွားနေသော စနစ်ပြောင်းလဲရေး တိုက်ပွဲများတွင် အခြေခံလူတန်းစားများသည် အနစ်နာခံရဆုံးသော အုပ်စုဖြစ်သကဲ့သို့ အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင်လည်း အင်အားအကောင်းဆုံးနှင့် အစုစည်းဆုံးသော ရဲရင့်သည့် တိုက်ပွဲဝင်သူများ ဖြစ်ခဲ့ကြသည်။

“သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့” ကဲ့သို့သော အဖွဲ့အစည်းများကလည်း ယနေ့တွင် အလုပ်သမား၊ လယ်သမားထုနှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်ကြောင်းနှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သဝဏ်လွှာများ ထုတ်ပြန်ခဲ့ကြသည်။

မေဒေးနေ့သည် ၁၈၈၆ ခုနှစ်၊ မေလ ၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုမြို့တွင် တစ်နေ့လျှင် အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးရန် အလုပ်သမားများ ဆန္ဒထုတ်ဖော်ပွဲလုပ်နေစဉ် လူရမ်းကားတစ်စု၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး ၄ ဦးသေဆုံးခဲ့ကြသည်။

ထိုကဲ့သို့ အလုပ်သမားထု၏ ရဲရင့်သော စတေးမှုများကို ဂုဏ်ပြုသည့်အနေဖြင့် ၁၈၉၀ ပြည့်နှစ်မှစ၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကမ္ဘာအနှံ့ ကျင်းပလာခဲ့ခြင်း ဖြစ်သည်။

“အလုပ်သမား၊ လယ်သမားထု၏ လွတ်မြောက်ရေးသည် လူထုတစ်ရပ်လုံး၏ လွတ်မြောက်ရေး” ဆိုသည့်အတိုင်း အခြေခံလူတန်းစားများ၏ အခွင့်အရေးကို လေးစားလိုက်နာခြင်းမရှိဘဲ နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီနှင့် တရားမျှတမှုမှာ ပြည့်စုံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ယနေ့ကျရောက်သော မေဒေးနေ့တွင် အလုပ်သမားထု၏ ရုန်းကန်မှုကို ဂုဏ်ပြုရင်း ၎င်းတို့၏ အခြေခံအခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် ဝိုင်းဝန်းဖော်ဆောင်ကြရန် လိုအပ်နေပြီ ဖြစ်ပါသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ