
AB News – ဧပြီ ၃၀၊ ၂၀၂၆
မြောက်ဦးမြို့နယ်၊ ရှမ်းတောင် မှုဆလင်ကျေးရွာတွင် လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး တရားခံနှစ်ဦးကို DLEPS တပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
သေသူမှာ ရှမ်းတောင်ကျေးရွာနေ အသက် ၆၂ နှစ်အရွယ် ဦးတော်ယူဖာခါပလာတူး ဆိုသူဖြစ်ပြီး တရားခံနှစ်ဦးမှာလည်း ရှမ်းတောင်ကျေးရွာနေ အသက် (၂၁နှစ်)အရွယ် ချောရီဟူဆောင်း နှင့် အသက် (၁၉နှစ်) အရွယ် အာဒူဟာဘီ တို့ဖြစ်ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ တရားခံနှစ်ဦးသည် မြောက်ဦးမြို့နယ်၊ ဥက္ကာကျော်ကျေးရွာအုပ်စု ဘောက်(ရက္ခိုင်)ကျေးရွာရှိ ဦးအောင်ကျော်မြ(ခ)ပြားချေ၏ အရက်ဆိုင်တွင် သောက်စားနေရာမှ အချင်းချင်း စကားများကြသည်ကို ၎င်းဆိုင်၌ အရက်သောက်နေသည့် ဦးတော်ယူဖာခါပလာတူးက ဝင်ရောက်ဟန့်တားရာ အသတ်ခံရသည့် ဦးတော်ယူဖာခါပလာတူးနှင့် ထပ်မံစကားများကြကြောင်း သိရှိရသည်။
စကားများအငြင်းပွားပြီး ဦးတော်ယူဖာခါပလာတူး မှာ ဆိုင်မှ အိမ်ပြန်ရာတွင် တရားခံနှစ်ဦးဖြစ်သည့် ချောရီဟူဆောင်းနှင့် အာဒူဟာဘီတို့လည်း ၎င်းနောက်မှ လိုက်ပါလားပြီး အရက်ဆိုင်တွင်း စကားများအငြင်းပွားခဲသည်ကို မကြေနပ်၍ ဘောက်ရွာ အပြင်ဘက် လယ်ကွင်းအရောက်တွင် ဝိုင်းထိုးကန်ကျောက်ခဲ့ရာ ဦးတော်ယူဖာခါပလာတူးမှာ ယင်းနေရာတွင် ထိုးကြိတ်ဒဏ်ရာများနှင့် သတိမေ့မျောသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
၎င်းလူသတ်မှုအား ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန် တော်ယူဖာခါပလာ၏ သားဖြစ်သူ မိုဟာမတ်တာဟတ်က ဧပြီ (၂၁)ရက်နေ့ နံနက်ပိုင်းတွင် နီးစပ်ရာ DLEPS စခန်းသို့ တိုင်ကြားလာ၍ ရာဇသတ်ကြီးပုဒ်မ – ၃၀၂ ဖြင့်အမှုဖွင့် ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
တိုင်ကြားချိန်မှစ၍ တရားခံများကို DLEPS တပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းစီးရာ တရားခံများဖြစ်သည့် ချောရီဟူဆောင်းကို ယင်းနေ့ နေ့လည် ၂ နာရီခွဲ အချိန်တွင်လည်းကောင်း၊ အာဒူဟာဘီကို ညည့် ၁၀နာရီခွဲအချိန်တွင် အသီးသီးဖမ်းဆီးရခဲ့ပြီး တရားခံများကို DLEPS ဌာန၏ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေအကြံပြုချက်များနှင့်အညီ ဆောင်ရွက်ထားကြောင်း သိရှိရသည်။