
AB News – ဧပြီ ၃၀၊၂၀၂၆
ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင် ထိန်းချုပ်ထားသော စစ်တွေမြို့နယ်မှ မူဆလင် ၄၀ ဦးအပါအဝင် စစ်တွေဒေသခံ ၇၀ ကျော်ကို စစ်ကော်မရှင်တပ်က မတရား ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။
ဖမ်းဆီးခံရသူများထဲတွင် မူဆလင် အမျိုးသား ၄၀ ကျော်နှင့် ရက္ခိုင် အမျိုးသား ၃၀ ကျော်တို့ဖြစ်ကြပြီး ၎င်းတို့သည် စစ်တွေမြို့၊ အုန်းတပင်ရပ်ကွက်၊ လမ်းမတော်တောင်ရပ်ကွက်၊ မင်းဂံရပ်ကွက်၊ သံတော်လီ (မူဆလင်)ရွာတို့မှ ဖြစ်ကြောင်း မြို့ခံများက ဆိုကြသည်။
“အကြမ်းဖက်စစ်မကော်မရှင်တပ်အပါအဝင် ရဲနဲ့ လဝကတို့ ပူးပေါင်းပြီး မြိုခံတွေ အိပ်မောကျနေတဲ့အချိန် ညဥ့် ၁၂ နာရီလောက်မှာ ဧည့်စာရင်းစစ်တယ်ဆိုပြီး ဝင်ရောက်ဖမ်းဆီးသွားခဲ့တာ။ ကျွန်တော်တို့ ရပ်ကွက်က အမျိုးသား လေး၊ ငါးယောက် ဖမ်းဆီးခံခဲ့ရတယ်။ ဖမ်းသွားတာ အခုထိတောင် ပြန်မလွှတ်ပေးသေးဘူး။ ဘာအကြောင်းပြချက်မှ မရှိဘဲ ဧည့်စာရင်း အကြောင်းပြပြီး ဖမ်းဆီးသွားတာပါ”ဟု အုန်းတပင်ရပ်ကွက်မှ မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများသည် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်၊ ညဥ့် ၁၂ နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်ကော်မရှင်တပ်အပါအဝင် ရဲနှင့် လဝကတို့ ပူးပေါင်းအဖွဲ့များက ဧည့်စာရင်း အကြောင်းပြ၍ ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ အသနားခံတောင်းပန်ကြသော်လည်း ပြန်လွှတ်ပေးခြင်းမရှိသည့်အပြင် ငွေကြေးတောင်းခံမှုများရှိနေသဖြင့် ပြည်သူ့စစ်အဖြစ် စစ်မှုထမ်းရမည်ကို စိုးရိမ်နေကြကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
နောက်ထပ် အမည်မဖော်လိုသည့် စစ်တွေဒေသခံ မူဆလင် အမျိုးသားတစ်ဦးက “ဖမ်းဆီးသွားတဲ့ သူတွေကို ငွေကြေးတောင်းခံမှုတွေ ရှိနေပြီး အသနားခံတောင်းပန်ကြပေမယ့် ပြန်လွှတ်ပေးတာမျိုး မရှိဘူး။ စစ်မှုထမ်းအဖြစ် စစ်သင်တန်းပေးပြီး ရှေ့တန်းကို ပို့ဆောင်မှာကို စိုးရိမ်ရတယ်” ဟု ပြောသည်။
စစ်တွေမြို့တွင် ဧည့်စာရင်းစစ်ဆေးသည့် အကြောင်းပြချက်ဖြင့် မြို့ပေါ်ရပ်ကွက်များ၊ ဘုန်းကြီးကျောင်းများ၊ စစ်ရှောင်စခန်းများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ကာ အကြောင်းမဲ့ ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိနေသည်။
စစ်တွေမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် အာရက္ခတပ်တော်တို့ကြား စစ်ရေးတင်းမာနေပြီး နှစ်ဖက်အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းပစ်ခတ်မှုများဖြင့် မကြာခဏ ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေသည်။
စစ်တွေမြို့ကို အာရက္ခတပ်တော်က ဝန်းရံပိတ်ဆို့ထားပြီး စစ်ကော်မရှင်ဖက်ကလည်း စစ်တွေမြို့နှင့် အနီးတစ်ဝိုက်ကို AA တပ်ဖွဲ့ဝင်များ ဝင်ရောက်မလာနိုင်စေရေး အင်အားဖြည့်ကာ စစ်ရေးပြင်ဆင်ထားကြောင်း စုံစမ်းသိရှိရသည်။