သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကဆုန်လပြည့် “ကုသိုလ်တော်” အဖြစ် အကျဉ်းသား ၁,၅၀၀ ကျော်ကို စစ်‌ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင် စည်းကမ်းချက်ဖြင့် လွှတ်ပေး

AB News – ဧပြီ ၃၀၊ ၂၀၂၆

နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရပြီး အကျပ်အတည်းဆိုက်နေသည့် မင်းအောင်လှိုင်သည် ယနေ့တွင် ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အကြောင်းပြုကာ အကျဉ်းသား ၁,၅၀၈ ဦးကို “လူသားချင်းစာနာထောက်ထားမှု” ခေါင်းစဉ်တပ်၍ ပြန်လွှတ်ပေးလိုက်ပြန်သည်။

ယနေ့ထုတ်ပြန်သည့် အမိန့်အမှတ် ၅၁/၂၀၂၆ တွင် အကျဉ်းသားများကို လွှတ်ပေးရခြင်းမှာ “ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရန်” ဟု ဖော်ပြထားသော်လည်း လက်တွေ့တွင်မူ နေ့စဉ်နှင့်အမျှ လေကြောင်းမှ ဗုံးကြဲခြင်း၊ ရွာမီးရှို့ခြင်းနှင့် ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေသည့် စစ်ကောင်စီ၏ လုပ်ရပ်နှင့် များစွာကွာဟနေသည်။

ထို့အပြင် ယခုလွတ်ငြိမ်းခွင့်သည် အခမဲ့ပေးသည့် လက်ဆောင်မဟုတ်ဘဲ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) ဟူသော “ဓားစာခံ” စည်းကမ်းချက်ဖြင့် ချည်နှောင်ထားခြင်း ဖြစ်သည်။

အကယ်၍ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်သည်ဟု စစ်ကောင်စီက ယူဆပါက ကျန်ရှိသော ပြစ်ဒဏ်ဟောင်းများကိုပါ ပေါင်း၍ ပြန်လည်ကျခံရမည်ဖြစ်ရာ အကျဉ်းသားများကို ထောင်ပြင်ပရှိ “ကြိုးရှည်ရှည်နှင့် လွှတ်ထားသည့် အကျဉ်းသားများ” အဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။

စစ်အာဏာရှင်ဟောင်း သမ္မတ မင်းအောင်လှိုင်က ၎င်းတို့၏ “နိုင်ငံတော်တည်ဆောက်ရေး” တွင် ပါဝင်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုထားသော်လည်း လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်သည်ကို ထုံးစံအတိုင်း ဖုံးကွယ်ထားဆဲဖြစ်သည်။

သမိုင်းတစ်လျှောက် လွတ်ငြိမ်းချမ်းသာခွင့်များတွင် အမှန်တကယ် လွတ်သင့်သည့် နိုင်ငံရေးအကျဉ်းသားများထက် ရာဇဝတ်မှုကျူးလွန်သူများကိုသာ ဦးစားပေးလွှတ်ပေးလေ့ရှိသဖြင့် ယခုလုပ်ရပ်မှာလည်း နိုင်ငံတကာ၏ ဖိအားကို လျှော့ချရန်နှင့် ဘာသာရေးကို ခုတုံးလုပ်သည့် ဟန်ပြလုပ်ရပ်တစ်ခုသာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ဝေဖန်နေကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်