သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မကွေးတိုင်း၊ ယောဒေသနှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အနှံ့ကို စစ်ကော်မရှင်လေတပ် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေ

AB News – ဧပြီ ၃၀၊ ၂၀၂၆

မကွေးတိုင်း၊ ယောဒေသနှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်အနှံ့အပြားကို ယနေ့ ဧပြီလ ၃၀ ရက်နေ့၊ နံနက်ပိုင်းမှစ၍ စစ်ကော်မရှင်လေတပ်စခန်း ၄ ခုထက်မနည်းမှ အကြိမ်အရေ ၂၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် ဂန့်ဂေါမြိုနယ် တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ၏ အချုပ်ထောင်တည်ရှိရာ နေရာကို ဂျက်ဖိုက်တာတစ်စီးက ပေါင် ၂၅၀ ဗုံး နှစ်လုံးဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပြီး အဆိုပါဗုံးကြဲမှုမှာ ဧပြီလ ၂၄ ရက်နေ့က လက်နက်နှင့်အတူ စစ်ကော်မရှင်တပ် (ခလရ ၅၀) ထံ ထွက်ပြေးသွားသည့် စစ်သုံပန်းတစ်ဦး၏ သတင်းပေးပိုမှုကြောင့် ဖြစ်ကြောင်း သိရသည်။

တစ်ပြိုင်နက်တည်းမှာပင် ဆောမြိုနယ်၊ ကျောက်ထုအမြောက်တပ် (၃၆၈) သို့ မကွေးလေတပ်မှ Y-12 စစ်ထောက်ပို့လေယာဉ်ဖြင့် ရိက္ခာနှင့် လက်နက်ခဲယမ်းများကို လေထီးဖြင့် ချပေးခဲ့ပြီး ယမန်နေ့ကလည်း Y-8 ဖြင့် အဆိုပါတပ်သို ခဲယမ်းဖြည့်တင်းခဲ့ပြီး ယနေ့ ထောက်ပို့မှုပြုလုပ်နေစဉ်အတွင်း ဂျက်ဖိုက်တာတစ်စီးက ကင်းပတ်ပေးခဲ့ကာ ၎င်းဂျက်ဖိုက်တာသည် ချင်းပြည်နယ် ကျင်ဒွေးမြို့ဘက်သို့ပါ ဆက်လက်ဗုံးကြဲခဲ့ကြောင်း သိရသည်။

ဒေသတွင်း လေကြောင်းစောင့်ကြည့်ရေး အဖွဲအစည်းများ၏ အချက်အလက်များအရ တံတားဦး၊ မကွေး၊ မိတ္ထီလာ နှင့် ရှမ်းတဲ လေတပ်စခန်းများမှ ဂျက်ဖိုက်တာ ၇ စီးခန့်ကို စစ်ကော်မရှင်တပ်မှ အသုံးပြုကာ ယောနယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြပြီး ယင်းအပြင် ဂန့်ဂေါနှင့် ထီးလင်းမြို့နယ်အတွင်းသို့လည်း ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံး ၁၀ လုံးခန့် ကြဲချခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ချင်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲများ ထိန်းချုပ်ထားသော နယ်မြေများကို ပြန်လည်ရယူရန် လေကြောင်းစစ်ဆင်ရေးကို ဗျူဟာမြောက် အရှိန်မြှင့်နေသလို မြေပြင်စစ်ကြောင်းများပါ စုဖွဲ့ပြင်ဆင်နေကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ယောဒေသ (ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ ကျော) နှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ မိဘပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးဂရုပြု နေထိုင်ကြရန် တိုက်တွန်းနှိးဆော်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ