
AB News – ဧပြီ ၂၄ ၊ ၂၀၂၆
အာရက္ခပြည်၊ မြောက်ဦးမြို့နယ်တွင် စစ်ကော်မရှင်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သိမ်ကျောင်းဆောင်နှင့် ဘုန်းကြီးကျောင်းများ ပျက်စီးကာ သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ရခြင်းမှာ ဘာသာသာသနာအပေါ် ကျူးလွန်သည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း အာရက္ခပြည် သံဃာ့အကျိုးဆောင်အဖွဲ့က ယနေ့တွင် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ကျေးရွာသို့ စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် (၅၀၀) ပေါင်ဗုံးများ အသုံးပြုကာ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ရွာဦးကျောင်းနှင့် ရှေးဟောင်းသိမ်ကျောင်းဆောင်မှာ မီးလောင်ပြာကျခဲ့ရပြီး သံဃာတော် (၃) ပါးအပါအဝင် စုစုပေါင်း (၁၃) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များအနက် တစ်ပါးမှာ ရရှိထားသော ဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ် ပျံလွန်တော်မူသွားခဲ့ကြောင်း သံဃာ့အကျိုးဆောင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုလုပ်ရပ်သည် လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့ရုံသာမက ဘာသာရေးလွတ်လပ်ခွင့်နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု သံဃာ့အဖွဲ့က ဆိုသည်။
ထို့ကြောင့် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုများအား ချက်ချင်းရပ်တန့်ရန်နှင့် သာသနိကအဆောက်အအုံများကို ကာကွယ်ပေးရန် ၎င်းတို့က တောင်းဆိုထားသည်။
ထို့အပြင် နိုင်ငံတကာအသိုက်အဝန်းနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း ယခုကဲ့သို့ စစ်ရာဇဝတ်မှု ကျူးလွန်ခံရမှုများအတွက် တရားဥပဒေနှင့်အညီ တရားမျှတမှုရရှိအောင် ဆောင်ရွက်ပေးရန် အာရက္ခပြည် သံဃာ့အကျိုးဆောင်အဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။
မည်သည့်အကြောင်းပြချက်ဖြင့်မျှ သာသနာတော်အား ထိခိုက်စေသော အကြမ်းဖက်မှုများကို လက်ခံမည်မဟုတ်ကြောင်းနှင့် အာရက္ခပြည် သံဃာထုတစ်ရပ်လုံးက အဆိုပါလုပ်ရပ်အပေါ် အပြင်းထန်ဆုံး ကန့်ကွက်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Photo – အာရက္ခပြည် သံဃာ့အကျိုးဆောင်အဖွဲ့